Latest News

Monday, April 10, 2017

ကျောက်ဖြူရေနံပိုက်လိုင်း အမြန်စဖို့ တရုတ်နဲ့ မြန်မာ သဘောတူ

ကျောက်ဖြူရေနံပိုက်လိုင်း အမြန်စဖို့ တရုတ်နဲ့ မြန်မာ သဘောတူ

မြန်မာနိုင်ငံကနေ တရုတ်ပြည်ကို ရေနံပို့လွှတ်မယ့်၊ မိုင် ၄၈၀ ရှည်တဲ့ ကျောက်ဖြူ ရေနံပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး စတင်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း တရုတ် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး က ပြောပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ၆ ရက်ကြာ တရုတ်ခရီးစဉ် အတွင်း ရေနံပိုက်လိုင်း စတင်မယ့် ကြေညာချက် ထွက်ပေါ်လာတာပါ။

အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက်က ရေနံတွေ တရုတ်ပြည်ကို တင်ပို့နေတဲ့ မူလလမ်းကြောင်းက မလက္ကာ ရေလက်ကြားနဲ့ စကာင်္ပူကနေ ကွေ့ပြီး သွားရတာဖြစ်လို့၊ အခု ကျောက်ဖြူကနေတဆင့် ပိုက်လိုင်းနဲ့ တင်ပို့တာက ပိုပြီး မြန်ဆန်၊ ပိုပြီး စရိတ်သက်သာတဲ့အပြင် ပိုပြီး လုံခြုံတယ်လို့ သိရပါတယ်။

ဒေါ်လာ သန်း ၁၅၀၀ ကုန်ကျခံ တည်ဆောက်ထားတဲ့  အခု စတင်တော့မယ့် ကျောက်ဖြူ ရေနံပိုက်လိုင်းဟာ  ရခိုင်ပြည်နယ် ကျောက်ဖြူ မဒေးကျွန်းကနေ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ်ထဲကို တရက် ရေနံစည် နှစ်သိန်းခွဲကျော် တင်ပို့မှာပါ။

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး နှစ်ဘက်လုံး အကျိုးရှိမယ့် နည်းလမ်းနဲ့ ဆောင်ရွက်မယ်လို့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တရုတ်နိုင်ငံကို မေလအတွင်း သွားရောက်မှာဖြစ်ပါတယ်။

Photo: Min Thein Aung/RFA

No comments:

Post a Comment