Latest News

Friday, April 14, 2017

မြောက်ကိုရီးယားကို ကန်က ဖိအားပေး ဆွေးနွေးမယ်

မြောက်ကိုရီးယားကို ကန်က ဖိအားပေး ဆွေးနွေးမယ်

အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မဟာဗျူဟာတရပ်ကို မနေ့က ချမှတ်လိုက်ပါတယ်။ အဲဒီမဟာဗျူဟာ အရ အစွမ်းကုန်ဖိအားပေးမှုနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေကို ပြုလုပ်မယ်လို့ ဆိုပါတယ်။

သမတ ထရမ့်ရဲ့ အကြံပေးအရာရှိတွေက အခုလို မူဝါဒချမှတ်ဖို့အတွက် ၂ လကြာ လေ့လာသုံးသပ်ခဲ့ကြကြောင်း၊ သူတို့စဉ်းစားတဲ့နည်းနာတွေထဲမှာ မြောက်ကိုရီးယားအစိုးရကို အာဏာက ဖယ်ရှားရေးနဲ့ စစ်ဆင်ဝင်ရောက်တိုက်ခိုက်ရေးတွေ ပါဝင်ကြောင်း သိရပါတယ်။

အခုနောက်ဆုံး ချမှတ်တဲ့ ဗျူဟာအရ  မြောက်ကိုရီးယားကို တရုတ်အစိုးရအကူအညီနဲ့ ဖိအားပေးမှာ ဖြစ်ကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို စောင့်ကြည့်ပြီး လိုအပ်သလို ကိုင်တွယ်ဖြေရှင်းမှာဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီုးယားကို အမေရိကန် သမတ ထရမ့်က တိုက်ခိုက်ချင်တယ်ဆိုရင် မိမိတို့ကလည်း အဆင်သင့်ပါပဲလို့ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Han Song Ryol ဟန်ဆောင်ရိုးလ် က ပြောကြားလိုက်ပါတယ်။

အမေရိကန်စစ်သင်္ဘောအုပ်စု တစု ကိုရီးယားကျွန်းဆွယ်ကို ဦးတည်ခုတ်မောင်းနေသလို မြောက်ကိုရီးယားက ရက်ပိုင်းအတွင်း နူကလီယာစမ်းသပ်မှု ပြုလုပ်လိမ့်မယ်လို့ သတင်းထွက်နေစဉ် သူက အခုလိုပြောဆိုတာဖြစ်ပါတယ်။

 တိုကျိုကလာတဲ့သတင်းအရ ဂျပန်နိုင်ငံကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။


ဒီအတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wan Yi ဝမ်ယီးက စစ်ဖြစ်လာရင် အမေရိကန်နဲ့ မြောက်ကိုရီးယား ၂ ဖက်လုံး ဆုံးရှုံးနစ်နာကြမှာဖြစ်တဲ့အတွက် အပြန်အလှန် ပုတ်ခတ်ခြိမ်းခြောက်မှုတွေကို ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
 
နောက်ဆုံးရရှိတဲ့ တခြားသတင်းတပုဒ်မှာတော့ Air China တရုတ်လေကြောင်းလိုင်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့နဲ့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွေအကြား ပုံမှန်ပျံသန်းပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို တနင်္လာနေ့ကစပြီး ရပ်နားထားမယ်လို့ ကြေညာလိုက်ကြောင်း ဖေါ်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ဆာဂျီ လဗ်ရော့ဗ် နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီး တို့ မနေ့က တယ်လီဖုန်းဆက်ပြီး ကိုရီးယားနဲ့ ဆီးရီးယားပြသနာတွေကို ဆွေးနွေးကြတယ်လို့ မော်စကိုကလာတဲ့ သတင်းအရ သိရပါတယ်။RFA

No comments:

Post a Comment