Latest News

Monday, April 10, 2017

ဘယ်သူ့ကိုမှ အမုန်းစကားမပြောမိပါစေနဲ့

ဘယ်သူ့ကိုမှ အမုန်းစကားမပြောမိပါစေနဲ့


တစ်ခါတုန်းက ရုပ်ရည်အားဖြင့်လည်း အသင့်အတင့်သာရှိတဲ့ သာမန်အမျိုးသမီးတစ်ဦးက ရုပ်ရည်ရော ပညာအဆင့်အတန်းရော မြင့်မားလှတဲ့အမျိုးသားတစ်ဦးက လက်ထပ်သွားတော့ ဝေဖန်သံအချို့ ထွက်လာဖူးတယ်။

ဒီအမျိုးသားက သူ့အသက်အရွယ်နဲ့သူ အောင်မြင်နေတဲ့အတွက်သူ့နားမှာလည်း အမျိုသမီးတွေဝို်င်းဝိုင်းလည်နေတာပေါ့။ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမျိုးသမီးကလည်း သူနဲ့ပညာအရည်အချင်းရော အဆင့်အတန်းချင်းရော သိပ်မကွာဘူး။ ပိုက်ဆံချမ်းသာတဲ့သူဋ္ဌေးသမီးတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့သူ ရွေးချယ်လိုက်တဲ့ အမျိုးသမီးက သာမန်ရုပ်ရည်၊သာမန်အဆင့်အတန်းသာ ရှိတဲ့အမျိုသမီးတစ်ဦးဖြစ်နေတာက ပတ်ဝန်းကျင်ကို အံ့အားသင့်စေခဲ့တယ်။

“ဒီလူ ဒီအမျိုးသမီးကို ဘာတွေများ မက်စရာမြင်လို့လဲ အံ့သြလိုက်တာ၊ နည်းနည်းလေးမှ မလိုက်ဖက်ဘူး“ ဆိုပြီး ဝေဖန်ကြပါတယ်။ကျွန်မကတော့  သဘောကျစွာ ပြုံးမိတယ်။

သူ့ထက်ရုပ်ရည်ရော ပညာအဆင့်အတန်းနဲ့ပိုင်ဆိုင်မှုတွေပါ အများကြီး သာနေတဲ့ အမျိုးသားကို ပိုင်ဆောင်နိုင်တာ လှို့ဝှက်ချက်က သိပ်ကြီးကြီးမားမားတော့မရှိနိုင်ပါဘူး။
သူ့အကြောင်းကို ဒီအမျိုးသမီးက သေသေချာချာကို သိပြီး ဘယ်လို စွဲဆောင်ရမယ်ဆိုတာကို နားလည်နေလို့လို့ကျွန်မကတော့ ယူဆမိပါတယ်။

အချို့သမျိုးသမီးတွေက ရုပ်ရည်လည်း သိပ်မလှ၊ စွဲဆောင်မှုလည်း မရှိပါဘဲနဲ့သူ့ အမျိုးသားရဲ့အသည်းစွဲဖြစ်နေတာတွေရှိတယ်။ အဲဒါက အဲဒီအမျိုးသမီးက ယောင်္ကျားကျမ်းကျေလွန်းလို့လို့ ကျွန်မကတော့ မယူဆမိပါဘူး။

အမျိုးသားအချို့က သူတို့ရဲ့တန်ဖိုးနဲ့အောင်မြင်မှု၊ အရေးပါပုံတွေကို ကောင်းကောင်းသိကြတယ်။ သူတို့ရဲ့အောင်မြင်မှုအပေါ်မှာလည်း ဂုဏ်ယူကျေနပ်တတ်ကြသလို၊ အောင်မြင်ခြင်းမှာလည်း မရောင့်ရဲတော့ဘူး။ ပိုပြီးအောင်မြင်အောင် လုပ်လိုကြတယ်။

တစ်ချိန်တည်းမှာပဲသူတို့စိတ်ထဲမှာ မမြဲတတ်တဲ့တရားဆိုတာလည်း လက်ခံထားရတော့ အောင်မြင်မှုတွေ ပျက်ယွင်းသွားမှာလည်း စိုးရိမ်တတ်ကြတယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားတတ်ပါတယ်။  သူတို့စိတ်ထဲ နွေးထွေးမှုနဲ့ လုံခြုံမှုကို ခံစားချင်ကြတယ်။ အဲဒီလို အမျိုးသားတွေက မိခင်နဲ့တူတဲ့ အမျိုးသမီးကို ပိုပြီး နှစ်သက်တတ်ကြပါတယ်။

သူတို့ကို တန်ဖိုးထားပြီး လေးစားအထင်ကြီးတဲ့။ သူတို့ကို နှစ်သိမ့်အားပေးတတ်တဲ့၊ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးလာစေတဲ့အမျိုးသမီးကို နှစ်သက်ကြတာပါ။

အမျိုသမီးတွေဟာ နားထောင်ကောင်းသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အစွမ်းထက်တဲ့ နားထောင်ခြင်းကိုတော့အမျိုးသမီးတိုင်း မလုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့အမျိုးသမီးတွေက စကားများတတ်တဲ့သဘာဝရှိနေတဲ့အတွက် သူတို့ကသာ ပြောချင်ပြီး အမျိုသားတွေ ပြောဖို့ကို အချိန်ခွဲမပေးနိုင်လို့ပါ။

အစွမ်းထက်တဲ့နားထောင်ခြင်းဆိုတာ သေချာ ဂရုတစိုက်နဲ့စိတ်ပါ လက်ပါ နားထောင်ခြင်းပါ။ ပြီးတော့ မေးခွန်းလေးတွေ မေးပြီး ချီးမွမ်းစရာရှိတဲ့အခါ ချီးမွမ်းပေးတာ၊ ထောက်ခံအားပေးတာ တွေက လက်ခံရတဲ့ အမျိုးသားတွေအတွက် အသည်းနှလုံးတွေကြည်နှူးသွားပြီး ကိုယ့်ကိုတကယ်နားလည်မှုရှိတဲ့မိန်းမလို့ယူဆ သွားစေပါတယ်။

အမျိုးသားတွေက မျက်လုံးနဲ့ ချစ်တတ်ပြီး၊ အမျိုးသမီးတွေက နားနဲ့ချစ်တတ်တယ်ဆိုတဲ့စကားရှိပါတယ်။ အမျိုးသမီးတစ်ယောက်မှာ နားကောင်းကောင်းတစ်စုံရှိမယ်၊ ချိုချိုသာသာပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံရှိမယ်ဆိုရင် အဲဒီအမျိုးသမီးကို သူ့ယောင်္ကျားချစ်လိမ့်မယ်…လို့လည်း ဆိုကြတယ်။

ခင်ပွန်းသည် ပြောသမျှ နားထောင်ပေးတတ်တဲ့ ကိုယ်ပြောချင်တာကို ချိုချိုသာသာပြောတတ်တဲ့ အမျိုးသမီးတွေရဲ့အိမ်ထောင်ရေးဟာ အဆင်မပြေမှု နည်းပါးတတ်ပါတယ်။

စကားကို ချိုချိုသာသာပြော၊ ဒေါသနဲ့ မပြောနဲ့ သူများရှက်သွားအောင် မပြောနဲ့သူများ နာသွားအောင်လည်း မပြောနဲ့…ဆိုတဲ့ မိဘတွေရဲ့သွန်သင်မှုတွေက အလကားတော့မဖြစ်ခဲ့ပါဘူး။

ရန်ပွဲတွေကို ကြည့်တဲ့အခါ လုပ်ရပ်ကြောင့် ရန်ဖြစ် စကားများကြတာထက်၊ အပြောအဆို မတတ်လို့ ဖြစ်ရတဲ့ရန်ပွဲက များပါတယ်။

ဒီလိုပါပဲ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို လေ့လာကြည့်တဲ့အခါ မပြောတတ် မဆိုတတ်တာတွေက  စကားများရန်ဖြစ်စေကြတာ တွေ့ရပါတယ်။

“ကျွန်မကတော့ပွင့်ပွင့်လင်းလင်းပြောလိုက်တာပဲ စိတ်ထဲမှာ ဘာမှ ထားမနေဘူး၊ ပြောလိုက်တော့ အေးရော …သူ နာသွားရင်လည်း မတတ်နိုင်ဘူး“လို့ ဂုဏ်ယူပြီး ပြောတတ်တဲ့အမျိုးသမီးတွေလည်း ရှိတယ်။

သူနာ သွားတဲ့အခါ ကိုယ်လည်း နာရတယ်ဆိုတာကို မေ့လျော့နေလို့လား၊ စကားအရာနဲ့အနိုင်ယူလိုက်ရတာကို ကျေနပ်နေလို့လား မသိတော့ပါဘူး.။

ဒါ့အပြင် အချို့လူတွေက အမုန်းစကားမျိုးကိုပဲ  အော်ကြီးဟစ်ကျယ်နဲ့ လူတွေအများကြီး ကြားအောင်  အပြောခံရတဲ့သူ အရှက်ရအောင်ပြောတတ်တာ တွေ့ရပါတယ်။
အရှက်ကွဲခြင်းနည်းလမ်းလို့ ဆိုနိုင်တယ်။

ဒါပေမဲ့ တကယ် အရှက်ကွဲသွားတာက ကိုယ်ဆိုတာ သိဖို့ လိုတယ်။ ကိုယ်က အော်ကြီးဟစ်ကျယ်ပြောနေတဲ့အတွက် သူ ဘယ်လောက်ဆိုးသလဲ လူတွေမသိဘူး။ ဒါပေမဲ့ကိုယ့်ရဲ့ မထိမ်းသိမ်းနိုင်တဲ့စိတ်၊ အရှက်အကြောက်မဲ့တဲ့ လုပ်ရပ်ကိုတော့ လူတွေ မြင်သွားပြီလေ။

သူက ကိုယ့်ကို ဒေါသထွက်အောင်သည်းမခံအောင်လုပ်နေလို့ကိုယ်က ဒီလို ပေါက်ကွဲရတယ်လို့ ပြောတတ်ကြပေမဲ့ တကယ်တမ်း အများအမြင်မှာ အရုပ်ဆိုးသွားစေတာ ကို်ယ်ဖြစ်သွားတယ်။ သူ့လုပ်ရပ်က ဘယ်လောက်တောင် နာကျင်စေသလဲဆိုတာထက် သူ့အမြင်မှာ ကိုယ်ကသူ့ကို အရှက်ခွဲလိုက်တယ်ဆိုတဲ့အမြင်က ပိုဆိုးသွားစေတယ်လေ။

ကျွန်မအနေနဲ့ကတော့  ကိုယ့်ရဲ့ခင်ပွန်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သားသမီးပဲဖြစ်ဖြစ်၊ကိုယ့်ရဲ လုပ်ငန်းခွင်ထဲက သူတွေပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ် နောက်ဆုံး ကိုယ်ရဲ့မိတ်ဆွေသူငယ်ချင်း အထိ  ကိုယ်နဲ့ပတ်သက်ရတဲ့ ဘယ်သူ့ကိုမှ နာစေ၊ ထိခိုက်စေတဲ့ အမုန်းစကားမျိုး မပြောမိအောင် ထိမ်းသိမ်းမယ်လို့  ဆုံးဖြတ်ခဲ့တယ်။

စကားလုံးနဲ့ပစ်တဲ့မြှားဟာ နှလုံးသားနက်နက်ထိ ထိုးစိုက်ဝင်နေတတ်တယ်၊ အဲဒီမြှားကို ဆွဲထုတ်လိုက်ရင်တောင်မှ ဒဏ်ရာဟာ လွယ်လွယ်မကျက်တော့ဘူး။ ဒဏ်ရာ ကျက်သွားရင်တောင်မှ  အမာရွတ်ကတော့ သေရာပါသွားပါပြီ။

ဒါကလည်း ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းက လူတိုင်းရဲ့နားထဲမှာ စိမ့်ဝင်သွားအောင် နားဝင်ချိုတတ်တယ်။ အဲဒီလိုပါပဲ အပျက်သဘောဆန်တဲ့မုန်းတဲ့သဘောသဘာဝ ပါဝင်နေတဲ့စကားတစ်ခွန်းကတော့ သူနဲ့ကိုယ်နဲ့ ဆက်ဆံရေးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်လို့ ယူဆမိလို့ပါ။

လူတစ်ယောက်ကို ချစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ အချို့ဆို နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ရတာ။ ဒါကို ခဏလေးနဲ့ ပျက်ဆီးသွားစေတာ စကားလေး တစ်ခွန်းထဲပါ၊ လုပ်ရပ်လည်း တစ်ခုတည်းပါ။

ဒါကြောင့် ကျွန်မအပေါ် ဘယ်လောက်ဆိုးတဲ့သူ ဖြစ်ပါစေ၊  အစွန်းထွက်စေမဲ့ အမုန်းစကားမျိုး မပြောမိအောင် မထွက်မိအောင် မရေးမိအောင် ဂရုတစိုက်နဲ့နေထိုင်ပါတယ်။

အဲဒီလို ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြီး နေထိုင်ခြင်းအားဖြင့်  ကိုယ့်စိတ်ထဲမှာလည်း ငြိမ်းချမ်းမှုနဲ့ မေတ္တာစိတ် ရှိလာပါတယ်။ ဒါက ကိုယ်က သည်းခံလိုက်တဲ့ အတွက် ထိမ်းသိမ်းလိုက်တဲ့အတွက် ကိုယ်ရရှိလိုက်တဲ့ဆုလဒ်လို့လည်း ယုံကြည်မိတယ်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment