Latest News

Wednesday, April 12, 2017

ရီးယဲလ်ကို အနိုင်ရရန် အန်စလော့တီ အကုန်ပေးဆပ်မည်

ရီးယဲလ်ကို အနိုင်ရရန် အန်စလော့တီ အကုန်ပေးဆပ်မည်


ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူ ဘိုင်ယန်နည်းပြ အန်စလော့တီက ရီးယဲလ်ကို အနိုင်ယူရန် အကုန်လုံးပေးဆပ်မည်ဖြစ်သဖြင့် ဘိုင်ယန်အနေဖြင့် အသာရအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဘိုင်ယန်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂ်၏ ပြောကြားချက်ကို ကိုးကား၍ ဂိုးလ်ဒေါ့ကွန်းကဖော်ပြသည်။ ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စောစောစီးစီး တွေ့ဆုံနေမှုကြောင့် နှစ်သင်းစလုံးအတွက် အကျပ်အတည်း ကြုံတွေ့နေရသော်လည်း ဘိုင်ယန်အနေဖြင့် ဗုဒ္ဓဟူးနေ့(ယနေ့)တွင် ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ပထမအကျော့တွင် ရီးယဲလ်ကို အနိုင်ရအောင် စွမ်းဆောင်နိုင်ရန် ကစားနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

အန်စလော့တီမှာ ရီးယဲလ်အသင်းအတွက် (၁ဝ)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ၂ဝ၁၄ခုနှစ်တွင် ရယူပေးခဲ့သူဖြစ်ပြီး ယခုပွဲစဉ်သည် သူ၏လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ နည်းပြ ဇီဒန်းနှင့် နည်းဗျူဟာပိုင်း အားပြိုင်မည့် ပွဲစဉ်လည်းဖြစ်သည်။ နှစ်သင်းစလုံးမှာ ချန်ပီယံလိဂ် အင်အားအကြီးဆုံး အသင်းများဖြစ်သဖြင့် နှစ်ကျော့စလုံးမှာ အင်မတန်ခက်ခဲမည့်အနေအထား ပင်ဖြစ်သည်။ ယခုပွဲစဉ်တွင် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်သည့် ဘိုင်ယန်ဂိုးသမား နျူအာ ပါဝင်နိုင်မည်ဖြစ်သော်လည်း လီဝန်ဒေါစကီးမှာမူ လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိသဖြင့် အဆိုပါပွဲစဉ်ကို လွဲချော်နိုင်ကြောင်း သိရသည်။

ဒေါ့မွန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူခဲ့သည့် ပွဲစဉ်တွင် လီဝန်ဒေါစကီး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် နည်းပြ အန်စလော့တီက ရီးယဲလ်နှင့် ပွဲစဉ်တွင် လီဝန်ဒေါစကီး ပါဝင်နိုင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်ယခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်ရှစ်ပွဲတွင် ခုနစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် လီဝန်ဒေါစကီးမှာ တနင်္လာနေ့ပြုလုပ်သည့် လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ တစ်ဦးတည်း လေ့ကျင့်ရေးဆင်းခဲ့ရသဖြင့် ရီးယဲလ်နှင့် ပွဲစဉ် ပွဲထွက်စာရင်းတွင် ပါဝင်လာဖွယ်မရှိသည့် အနေအထားပင်ဖြစ်သည်။ လီဝန်ဒေါစကီး မပါပါက ဘိုင်ယန်မြူးနစ်တိုက်စစ်ပိုင်းကို သောမတ်စ်မူလာ ဦးဆောင်လာဖွယ်ရှိပြီး မူလာ မှာလည်း ဗဟိုတိုက်စစ်၊ တောင်ပံတိုက်စစ်နေရာစုံတွင် ကစားနိုင်သူဖြစ်သည်။ ညာခြေချင်းဝတ် အရွတ်ကြောဒဏ်ရာရရှိခဲ့သည့် ဗဟိုနောက်ခံလူ ဟမ်းမဲလ်မှာမူ ရီးယဲလ်နှင့် ပွဲစဉ်တွင် ပါဝင်နိုင် မည်ဖြစ်သည်။

မေလဲ့သင်း(ပြန်/ဆက်)

No comments:

Post a Comment