Latest News

Wednesday, April 5, 2017

မေ ၁ ရက်တွင် ဖွင့်မည့် ကျပ် ၅၀၀ တန်ထီ အတွက် ကက၊ ကခ၊ ကဂ နှင့် ကဃ အက္ခရာများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ပြန်

မေ ၁ ရက်တွင် ဖွင့်မည့် ကျပ် ၅၀၀ တန်ထီ အတွက် ကက၊ ကခ၊ ကဂ နှင့် ကဃ အက္ခရာများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ပြန်


စိုးချစ်ချစ်ပိုင်

မေ ၁ ရက်တွင် ဖွင့်လှစ်မည့် နှစ်ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီတွင် အရန်ထီ အက္ခရာများ ဖြစ်ကြသည့် ကက၊ ကခ၊ ကဂ နှင့် ကဃ အက္ခရာတို့ ထည့်သွင်း ရောင်းချမည် မဟုတ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ အက္ခရာ လေးလုံးမှာ ဧပြီ ၁ ရက်တွင် ဖွင့်လှစ် ခဲ့သည့် ပထမဆုံး အကြိမ် အောင်ဘာလေ ထီတွင် ရောင်းချ ထားပြီး ဖြစ်၍ မေ ၁ ရက်တွင် ဖွင့်လှစ်မည့် နှစ်ကြိမ်မြောက် အောင်ဘာလေ ထီအတွက် ထည့်သွင်း ရောင်းချတော့မည် မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် ထီလက်မှတ် လိမ်လည် ရောင်းချမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ဧပြီ ၄ ရက် တွင် အများပြည်သူ သိရှိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နှစ်ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီတွင် "က" အက္ခရာ မှ အစဉ်လိုက် "န" အက္ခရာ အထိ အက္ခရာ လုံးရေ ၂၀ နှင့် အရန်ထီ "ကင" အက္ခရာမှ စတင်ကာ အစဉ်လိုက် ဆက်လက် ရောင်းချ ပေးနေကြောင်း သိရသည်။

ကျပ် ၅၀၀ တန် အရန် ထီလက်မှတ် စာအုပ်များ ၀ယ်ယူ လိုလျှင် အနည်းဆုံးအုပ်ရေ ၁၀၀ နှင့်အထက် ၀ယ်ယူရမည် ဖြစ်ပြီး၊ ဘဏ် ငွေသွင်းချလန် (TF-1)  ဖြင့် ၀ယ်ယူရမည် ဖြစ်သည်။

နှစ်ကြိမ်မြောက် ကျပ် ၅၀၀ တန် အရန် ထီလက်မှတ် များကို ဧပြီ ၂၄ ရက် အထိ ဌာနမှ ရောင်းချပေးမည် ဖြစ်ပြီး ရောင်းချရသည့် အက္ခရာများကို ထီဖွင့်ပွဲ မတိုင်မီ အများ ပြည်သူသို့ ထပ်မံ အသိပေး သွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် က ပြောဆိုသည်။

ဧပြီ ၁ ရက်က ပထမဆုံး အကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီဖွင့်ပွဲ အတွက် မူရင်း ထီလက်မှတ် အက္ခရာ ၃၂ လုံးနှင့် အရန် ထီလက်မှတ် အက္ခရာ လေးလုံး၊ စုစုပေါင်း အက္ခရာ ၃၆ လုံးခန့် ထီလက်မှတ် စောင်ရေပေါင်း ၃၂၃ သိန်း ခန့်ကို အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ရောင်းချခဲ့သည်။

ထီရောင်းချရငွေ ကျပ်သန်းပေါင်း ၁၄,၇၂၇ ဒသမ၂၄ သန်းခန့် ရရှိခဲ့ကာ ရာခိုင်နှုန်း ၆၀ ဖြစ်သော ကျပ်သန်းပေါင်း ၈,၈၃၆ ဒသမ ၃၄၄ ကို ထီဆုငွေ အဖြစ် ပြန်လည် ခွဲဝေပေးခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

ကျပ် ၅၀၀ တန်ထီတွင် အထူးဆုကြီးများ အဖြစ် ကျပ် သိန်းတစ်သောင်း၊ ကျပ် သိန်းငါးထောင်နှင့် ကျပ် သိန်းတစ်ထောင် ဆုမဲများ အပြင် အနည်းဆုံး ကျပ် ငါးသောင်းအထိ ပါဝင်မည် ဖြစ်ပြီး ပထဆုံး အကြိမ် ကျပ်သိန်း တစ်သောင်းဆုကို ကျောက်ဖြူမြို့မှ ဆွတ်ခူး ရရှိခဲ့သည်။

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment