Latest News

Wednesday, April 5, 2017

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဇောက်ချ လုပ်ကိုင်နေခြင်းမှာ စီးပွားရေး ဖွံ့ဖြိုးရန် အရေးကြီးသောကြောင့်ဖြစ် ဟုဆို

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဇောက်ချ လုပ်ကိုင်နေခြင်းမှာ စီးပွားရေး ဖွံ့ဖြိုးရန် အရေးကြီးသောကြောင့်ဖြစ် ဟုဆို

ရန်ကုန်၊ ဧပြီ ၅

တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် ငြိမ်းချမ်းရေးသည် အလွန် အရေးကြီးသောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိ အချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ဇောက်ချ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး က ပြောကြားသည်။ ဧပြီ ၄ ရက်က ရန်ကုန်မြို့၊ ကုန်သည် စက်မှု အသင်းချုပ်တွင် ပြုလုပ်ခဲ့သော Business for Peace  အခမ်းအနားတွင် ဦးတင်ဦး က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည်မှာ ကျဆင်းနေတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း အင်မတန် ထူထောင်ချင်ပါတယ်။ ဒါကြောင့်မို့ သူကိုယ်တိုင် ကလည်းပဲ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာတဲ့ အခါမှာ ကြိုးစား ပမ်းစားနဲ့ ဆောင်ရွက်နေတဲ့ အခါမှာ အရေးကြီးဆုံးက ဘာလဲ ဆိုတော့ တိုင်းရင်းသားတွေ အားလုံးနဲ့တကွ ပြည်သူ ပြည်သား တစ်ရပ်လုံးက ငြိမ်းချမ်းရေး ရမှသာ ဖြစ်မယ်လို့ တွက်ထားတဲ့ အတွက် အခုသူ ငြိမ်းချမ်းရေးကို ဇောက်ချ လုပ်နေပါတယ်'' ဟု အဆိုပါ အခမ်းအနားတွင် ပြောကြား ခဲ့သည်။ ငြိမ်းချမ်းရေး အတွက် စီးပွားရေးမှာလည်း အရေးကြီး သလို၊ စီးပွားရေး အတွက်လည်း ငြိမ်းချမ်းရေးမှာ အရေးကြီးသောကြောင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးသာ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်လာမည် ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ယခင်ကကဲ့သို့ ကမ္ဘာ့ အလယ်တွင် ပြန်လည် ဦးမော့ လာနိုင်မည် ဖြစ်ကြောင်း ဦးတင်ဦး က ပြောသည်။

အစိုးရမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား ကောင်းလာစေရေး အတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ ဘက်မှလည်း အကူအညီများ ပေးသွားရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် ကလည်း ယင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က'' ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်တဲ့ အခါမှာ ငြိမ်းချမ်းရေး လုပ်တဲ့ သူတွေကို ကျွန်တော်တို့ လုပ်ငန်းရှင် တွေက အကူအညီ ပေးကြရအောင်။ ငြိမ်းချမ်းရေး ဆိုတာ ကျွန်တော်တို့နဲ့ ဆိုင်တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ လုပ်ကြရအောင် ငြိမ်းချမ်းရေး အတွက်ပေါ့'' ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ပြည်တွင်း လုပ်ငန်း ရှင်များ၏ ပါဝင် လုပ်ဆောင်မှုကို မြှင့်တင် ဆောင်ရွက်ရန် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် လူ့အခွင့်အရေး၊ အလုပ်သမား၊ သဘာဝ ပတ်ဝန်းကျင်နှင့် အကျင့်ပျက် ခြစားမှု ကဏ္ဍများတွင် နိုင်ငံတကာမှ လက်ခံ ထားသည့် အခြေခံမူ ၁ဝ ချက် United Nation Global Conpact  (UNGC) တွင် ပြည်တွင်း လုပ်ငန်းရှင်များမှ လက်မှတ် ရေးထိုးပါဝင် နိုင်ရန်အတွက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဒေါက်တာ အောင်ထွန်းသက် က ပြောကြားသည်။


PP
Democracytoday

No comments:

Post a Comment