Latest News

Sunday, April 2, 2017

အလောင်းတော် ကဿပ ဘုရား၏ တစ်မိုင် ပတ်လည်ကို သာသနိက နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည်

အလောင်းတော် ကဿပ ဘုရား၏ တစ်မိုင် ပတ်လည်ကို သာသနိက နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည်

ကနီ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ဘုရား၏ တစ်မိုင်ပတ်လည်ကို သာသနိကနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။

ယင်းသာသနိက နယ်မြေသည် အမျိုးသား သဘာဝဥယျာဉ်၏ အပိုင်နယ်မြေ ဖြစ်နေခြင်းကြောင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အမျိုးသားဥယျာဉ်မှ လာရောက် ကန့်ကွက်မှုများ ရှိနေသည့်အတွက် အဆင်မပြေမှုများ ရှိနေကြောင်း၊ လက်ရှိတွင် ဘုရားဖူး လာရောက်သောဧည့်သည် များပြားလာသည့်အတွက် ဘုရားဖူးပြည်သူများ ကျန်းမာရေး အဆင်ပြေစေရန်အတွက် စတီးအောက်ခံနှင့် အခမဲ့ဆေးခန်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိကြောင်း၊ သို့သော် အမျိုးသား သဘာဝဥယျာဉ်ပိုင် ဖြစ်ခြင်းကြောင့် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ယခုအခါတွင် သာသနိက နယ်မြေအဖြစ် သတ်မှတ်နိုင်ပါက ယင်းနယ်မြေအတွင်း ဘုရားဖူး ပြည်သူများအတွက် တည်းခိုဆောင်များ အလုံအလောက် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း၊ ယင်းအတွက် အမျိုးသား သဘာဝဥယျာဉ်၏ ခွင့်ပြုချက်များ တောင်းခံနေရမှုများကြောင့် မလိုလားအပ်ဘဲ အချိန်ကြန့်ကြာမှုများနှင့် တွေ့ကြုံနေရသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

အလောင်းတော် ကဿပသို့ ဘုရားဖူး ဧည့်သည်များ အဆင်ပြေစွာ လာရောက်ဖူးမြော်နိုင်ရန် လမ်းကို ကွန်ကရစ်လမ်းအဖြစ် စီစဉ်ခဲ့သော်လည်း အမျိုးသားသဘာဝဥယျာဉ်၏ မူများဖြင့် ကိုက်ညီမှု မရှိခြင်းများကြောင့် ကွန်ကရစ်လမ်းခင်းမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

စိုးမိုး (မြ၀တီ)

No comments:

Post a Comment