Latest News

Thursday, April 6, 2017

မြန်မာတနိုင်ငံလုံးက ဆီဆိုင်များကို အရည်အသွေးနှင့် ဈေးနှုန်း စစ်ဆေး အရေးယူသွားမည်

မြန်မာတနိုင်ငံလုံးက ဆီဆိုင်များကို အရည်အသွေးနှင့် ဈေးနှုန်း စစ်ဆေး အရေးယူသွားမည်

မြန်မာတနိုင်ငံလုံးက ဆီဆိုင်တွေကို   အရည်အသွေးနဲ့ ဈေးနှုန်း စစ်ဆေး အရေးယူတာတွေကို ဆောင်ရွက်သွားမယ်လို့ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ပြောကြားလိုက်ပါတယ်။

သုံးစွဲသူ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကြောင့် ဓာတ်ဆီနဲ့ ဒီဇယ်ရောင်းချနေတဲ့ တနိုင်ငံလုံးမှာရှိတဲ့ ဆီဆိုင် ၂ ထောင်ကို အရည်အသွေး၊ အရေအတွက်နဲ့ ဈေးနှုန်းတွေ မှန်မှန်ကန်ကန် ရောင်းချအောင် စစ်ဆေးသွားမှာပါ။ ရန်ကုန်မြို့မှာရှိတဲ့ ဆိုင်တွေကိုတော့ ၁ လအတွင်း အပြီးစစ်ဆေးမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုပါတယ်။

“ဆီဆိုင်တွေမှာ ပြန်လည်စစ်ဆေးတဲ့အပိုင်းကတော့ မြို့ကြီးတွေ၊ တိုင်းမြို့တွေဆိုရင် အများဆုံး နောက်ထပ် ၁ လပေါ့။ အဲဒီအတွင်းမှာ ကျနော်တို့က စစ်ဆေးခံဖို့အတွက်ကို စည်းရုံးရဦးမယ်။ ဆိုင်တွေက အသင်းဝင် ဖြစ်တာလည်း ပါတယ်၊ အသင်းဝင် မဖြစ်တာလည်း ပါတယ်။ အစီအစဉ်ဆွဲရမယ်ဆိုတော့ နောက် ၁ လ၊ ၂ လအတွင်းမှာ တိုင်းမြို့တွေအဆင့် ပြီးသွားမယ်။ အများဆုံး ၃ လဆိုရင်တော့ နယ်ဆိုင်လေးတွေ၊ မြို့နယ်အဆင့်မှာရှိတဲ့ ဆိုင်လေးတွေမှာ ချက်ဆီရောတဲ့ ကိစ္စတွေမှာပေါ့ဗျာ၊ ကျနော်တို့ ဒါတွေကိုပါ စစ်ဆေးသွားနိုင်မယ်လို့ ခန့်မှန်းပါတယ်။”

ရန်ကုန်မြို့မှာ ဒေါ်လာ ၂ သန်းတန် စက်သုံးဆီ အရည်အသွေးစစ် ဓာတ်ခွဲခန်းကို ဧပြီလကုန်မှာ ဖွင့်လှစ်မှာဖြစ်ပြီးတော့ ဆိုင်တွေကို လတ်တလော စစ်ဆေးမှုအနေနဲ့ ရွေ့လျားဓာတ်ခွဲခန်းနဲ့ စစ်ဆေးသွားမှာပါ။ အရည်အသွေး၊ အရေအတွက်နဲ့ ဈေးနှုန်းတွေ မမှန်မကန် ရောင်းချတာတွေ စိစစ်တွေ့ရှိရင် အသင်းက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေတပ်ခြင်းနဲ့ နောက်ဆုံးအကြိမ် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး ဆီဆိုင် ပိတ်သိမ်းတဲ့အထိ အရေးယူမှုတွေ ဆောင်ရွက်ဖို့ စီစဉ်နေတာပါ။

“ဆိုင်ခွဲပေါင်း ၂ ထောင်ကျော်ဟာ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာ enroll လုပ်မယ်ဆိုရင် ဒီဆိုင်က ဘယ်ဈေးနဲ့ ရောင်းတယ်ဆိုတာ ကျမတို့ သိရှိနိုင်မှာပါ။ အဲဒီအခါကျရင် ကျမတို့ အနည်းနဲ့ အများ ကွန်ထရိုး မက်ကနစ်ဇင်တခု ရအောင်လို့ အသင်းအနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။” လို့ မြန်မာနိုင်ငံ စက်သုံးဆီများအသင်း၊ ဈေးနှုန်းထိန်းချုပ်ရေးကော်မတီမှ ဒေါက်တာမူမူရှိန်က ပြောပါတယ်။

စက်သုံးဆီ လက်ကားဖြန်ဖြူးတဲ့ ရန်ကုန်မြို့က ဆီဆိုင်ပိုင်ရှင် အသင်းဝင် အရေအတွက် ၃၀၀ လောက်ရှိပါတယ်။ တနိုင်ငံလုံးမှာတော့ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ၁၇၀၀ လောက်ရှိပါတယ်။

လက်ရှိမှာတော့ လက်ကားဖြန့်ဖြူးသူတွေကိုသာ မဖြစ်မနေ အသင်းဝင်ထားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တနိုင်ငံလုံးက လက်လီ ရောင်းချသူတွေလည်း အသင်းဝင်ခိုင်းမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ဆိုပါတယ်။

လတ်တလောမှာ နိုင်ငံတကာစက်သုံးဆီလုပ်ငန်းတွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပြုမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားတာကြောင့် အသင်းက လက်ရှိစက်သုံးဆီလုပ်ငန်း အခြေအနေကို ပြန်လည်တင်ပြသွားမယ်လို့ ဆိုပါတယ်။
DVB

No comments:

Post a Comment