Latest News

Thursday, April 6, 2017

အလွဲသုံးစားမှုဖြင့် အစိုးရ အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့အား တိုင်ကြားမှုများ ရှိကြောင်း အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း ပြောဆို

အလွဲသုံးစားမှုဖြင့် အစိုးရ အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့အား တိုင်ကြားမှုများ ရှိကြောင်း အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း ပြောဆို

စိုင်းဝဏ္ဏ

အစိုးရ အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့ကို လုပ်ငန်း စွမ်းဆောင်မှု အားနည်းခြင်း အပြင် အလွဲသုံးစား လုပ်မှုဖြင့် တိုင်ကြားမှုများ လက်ခံ ရရှိထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောဆိုသည်။

"အလွဲသုံးစား လုပ်တာတွေ တိုင်ကြားခံရတယ်။ အားနည်းတာတွေလည်း တိုင်ကြားခံရတယ်။ စာရတာနဲ့ ဒီအပေါ်မှာ အရေးယူတာတွေ လုပ်တာ မဟုတ်ဘူး။ စာတစ်စောင် ရရင် ဘာလုပ်သင့်သလဲ ဆိုတာ အရင် ကြည့်ရတယ်။ အရေးယူဖို့က နောက်ဆုံးမှ အရေးယူတယ်" ဟု၎င်းက ပြောဆိုသည်။

အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များကို တိုင်ကြားခံရပါက ပါတီ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ၀န်ကြီး အပါအ၀င် အစိုးရ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ မည်သည့် ကိစ္စမဆို တိုင်ကြားခွင့် ရှိကြောင်း ၊ သို့သော်လည်း လုပ်ဆောင်ချက်ပိုင်း ဆိုင်ရာ အားနည်းချက်များနှင့် ပတ်သက်၍ အရေးယူခြင်း မရှိကြောင်း ဦးဥာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရအဖွဲ့ အဖြစ် တာဝန်ယူသည့် တစ်နှစ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ထွန်းဝင်း ကို ထုတ်ပယ်ခဲ့ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး ကို ၀န်ကြီးချုပ် အဖြစ်မှ နုတ်ထွက်စေခဲ့သည်။

ယင်းကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ် ဥက္ကဠ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က "ဒီတစ်နှစ် အတွင်းမှာ ကျွန်မတို့ အဖွဲ့ဝင်တွေထဲက၊ ကျွန်မတို့ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်ထဲက တိုင်းပြည်ရဲ့ တာဝန်ကို မကျေပွန်ဘူး လို့ ကျွန်မတို့ မြင်ခဲ့တာ ရှိပါတယ်။ ဒါမှမဟုတ် ကျွန်မတို့ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတာ တွေလည်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့ စည်းမျဉ်း စည်းကမ်းအရ အရေးယူပါတယ်။ နောင်လည်း ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံ ချောမွေ့ဖို့ အတွက် ကျွန်မတို့ဟာ ဆန္ဒာကတိအရ ကိုယ်နဲ့ နီးစပ်တဲ့ လူတွေကို မကာကွယ် သင့်တဲ့ အချိန်မှာ ကာကွယ်နေလို့ မဖြစ်ပါဘူး" ဟု အစိုးရအဖွဲ့ တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန် ကလည်း အစိုးရ အနေဖြင့်ဒီ မိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ရည်မှန်းချက်ကို အနှောင့်အယှက် ဖြစ်မည့် ခလုတ်တံသင်း များကို ဖယ်ရှားရမည် ဖြစ်ပြီး နောင်တွင်လည်း ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ ပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လူထု အကျိုးကို ဆန့်ကျင်သည့် ကိစ္စများ ဆောင်ရွက်ပါက အချိန်မရွေး အရေးယူ သွားမည်ဟု ပြောဆိုထားသည်။

The Myanmar Times Daily Newspaper - Myanmar Version

No comments:

Post a Comment