Latest News

Saturday, April 1, 2017

မကွေးတိုင်းတွင် ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှု စစ်ဆေးရာမှ ၇ ဒသမ ၄၅၉ ဘီလီယံ အထိ ပျောက်ဆုံး နေကြောင်း စစ်ဆေး တွေ့ရှိ

မကွေးတိုင်းတွင် ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှု စစ်ဆေးရာမှ ၇ ဒသမ ၄၅၉ ဘီလီယံ အထိ ပျောက်ဆုံး နေကြောင်း စစ်ဆေး တွေ့ရှိ


ရန်ကုန်၊ ဧပြီ ၁

မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည့် ဝန်ကြီးဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် ဝန်ကြီးဟောင်းများကို ရေနံ လက်ယက်တွင်း ရန်ပုံငွေ ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုဖြင့် ပြည်ထဲရေးမှ စစ်ဆေးရာမှ ကျပ် ၇ ဒသမ ၄၅၉ ဘီလီလံထိ ပျောက်ဆုံးကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား နှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော်က ပြောကြားသည်။

“၂ ဒသမ ၈ ဘီလီယံကျပ် ပျောက်ဆုံးမှုကို စစ်ဆေး လိုက်တဲ့ အခါမှာ အမှန်တကယ် ပျောက်နေတာ ၇ ဒသမ ၄၅၉ ဘီလီယံ ဖြစ်နေတာ တွေ့ရတယ်၊ ဒါတွေက အရင် အစိုးရက သူ့ရဲ့ ပိုင်ဆိုင်မှုလို့ ပြောလို့ မရဘူး၊ ပြည်သူတွေ၊ အမျိုးသား လုပ်ငန်းရှင်တွေက နိုင်ငံတော်ကို ပေးဆောင် ထားတဲ့ အခွန်ဘဏ္ဍာ ဖြစ်တယ်၊ ဒါကို ရအောင် ပြန်လုပ်ရမယ်” ဟု အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော်က ဆက်လက် ပြောကြားသည်။

အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံကို မကွေးတိုင်း အတွင်းရှိ လက်ယက်တွင်း လုပ်ငန်းရှင်များက ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တိုင်း အစိုးရထံ ၂၀၁၁ - ၂၀၁၅ ခုနှစ်အထိ ရန်ပုံငွေ ထည့်ဝင်ခဲ့ပြီး ယင်းရန်ပုံငွေ ကိစ္စနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်တွင် ဒုတိယအကြိမ် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပွင့်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့သည်။

ထိုသို့ လွှတ်တော်၌ မေးမြန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ ဝန်ကြီးဟောင်း ဦးဘုန်းမော်ရွှေနှင့် အစိုးရ အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးပြီးနောက် ပျောက်ဆုံးငွေ ကျပ် ၂  ဒသမ ၈ ဘီလီယံမှ ၇ ဒသမ ၄၅၉ ထိ ပျောက်ဆုံးကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော် က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရ အဖွဲ့ဝင် ဟောင်းများကို တိုင်းဒေသကြီး အစိုးရ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် စသုံးလုံး၊ တိုင်းအခွန် ဦးစီးဌာန၊ တိုင်းစာရင်းစစ် အဖွဲ့နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့မှ စုပေါင်းကာ စစ်ဆေးနေပြီး ပျောက်ဆုံးငွေ များနှင့် ပတ်သက်၍ ပြန်လည် ရရှိရန် စုံစမ်း စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ ထံမှ သိရသည်။

“စစ်ဆေးလို့ ပေါ်ပေါက်တဲ့ ခုနစ် ဘီလီယံက ရေနံ လက်ယက်တွင်း ရန်ပုံငွေပဲ ရှိသေးတယ်။ ကျန်တဲ့ နိုင်ငံတော် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာ မပါသေးဘူး။ အခုလို ငွေများစွာ ပျောက်နေတဲ့ ကိစ္စက အရင်အစိုးရ အဖွဲ့ စည်းကမ်းမဲ့ လုပ်ရပ်ဖြစ်တယ်” ဟု အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဝန်ကြီး ဦးနေမျိုးကျော် က ပြောကြားသည်။

The Voice

No comments:

Post a Comment