Latest News

Wednesday, April 19, 2017

တပ်မတော်သားတစ်ချို့ကို အမှုဖွင့်

တပ်မတော်သားတစ်ချို့ကို အမှုဖွင့်

ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ရေပက်ခံထွက်လာတဲ့ ကားကိုတားပြီး ကားပေါ်ပါလာတဲ့လူငယ်တွေကို  ရိုက်နှက်ခဲ့ တဲ့ မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းက တပ်မတော်သားအပါအဝင် တပ်မိသားစုဝင် တွေကို မြောက်ဦး ရဲစခန်းမှာ ရိုက်နှက်ခံရသူတွေဖက်က မနေ့က အမှုဖွင့် လိုက်ပါတယ်။အရိုက်ခံရတဲ့ လူငယ် တစ်ဦးက ရိုက်နှက်မှုမှာပါဝင်တဲ့ ခမရ ၅၄၀ တပ်ရင်းက တပ်သားတွေနဲ့ တပ်မိသားစုဝင်တွေ ကို ပုဒ်မ ၃၂၅နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ မြောက်ဦးရဲစခန်းက ဒုရဲမှူး သန်းဖေကပြောပါတယ်။

" ဖြစ်စဉ်က သူတို့မြို့ထဲကနေရေပက်ခံပြီး ကားနဲ့ သူတို့ရွာကို အပြန် ခမရ ၅၄၀ ကနေဖြတ်သွားတော့ ခမရ ၅၄၀ အလွန်ကားလမ်းပေါ်မှာ ကားကိုတားပြီး တပ်ကနှစ်ယောက်ပေါ့နော်၊ ကျန်တဲ့လေးယောက် ကတော့ တပ်ဖွဲ့ဝင်ရဲ့ သားသမီးတွေ ကားကိုတားပြီးတော့ရိုက်ပါတယ်ဆိုပြီး ဒဏ်ရာရတဲ့ထဲက တစ်ယောက် ကဦးဆောင်ပြီး အမှုဖွင့် တာပါ"

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နေ့လည် ၂ နာရီမှာ  မြောက်ဦးမြို့ ပေါင်းတုတ် ကတိုးဆိပ်ရွာက လူငယ် ၂၀ကျော်ပါတဲ့ ရေပက်ခံထွက်လာတဲ့ကားကို မြောက်ဦး အခြေစိုက် ခမရ ၅၄၀ တပ်က တပ်သားတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်မိသားစုဝင် ၄ဦးက တားပြီး ကားပေါ်ပါလာတဲ့ လူငယ်တွေကို ကားပေါ်ကဆွဲချပြီး ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

အခုလိုရိုက်မှုမဖြစ်ပွားခင် ရှေ့တစ်ရက်ဖြစ်တဲ့ ဧပြီလ ၁၄ ရက်နေ့က  မြောက်ဦးမြို့နယ် နန်းကျကျေးရွာ ရေကစား မဏ္ဍပ်မှာ ခမရ ၅၄၀က တပ်သားအချို့နှင့် ပေါင်းတုတ်ကတိုးဆိပ်ရွာက လူငယ်တွေ  အကြား စကားအချေအတင် များတာတွေ ရှိခဲ့ပါတယ်။

လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖျန်ဖြေလို့ တစ်စုံတစ်ရာပြသနာမဖြစ်ဘဲ ပြီးဆုံးသွား ခဲ့ပေမယ့် ဧပြီလ ၁၅ ရက် မှာ ပေါင်းတုတ်ကတိုးဆိပ်ရွာက လူငယ်တွေရေပက်ခံသွားရောက်ခဲ့ရာမှာ ခမရ ၅၄၀တပ်ရင်းက တပ်ဖွဲ့ ၀င်တစ်ချို့က ကားကိုတားပြီး ရိုက်နှက်ခဲ့ကြတာဖြစ်တယ် လို့ ရိုက်နှက်ခံခဲ့ရလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အတွက် ရဲစခန်းမှာအမှုဖွင့်ထားတဲ့ ကိုကျော်နိုင်စိုးက ပြောပါတယ်။

အမှုဖွင့်ခံထားရသူတစ်ချို့က တပ်မတော်သားတွေဖြစ်တဲ့အတွက် သက်ဆိုင်ရာတပ်ရင်းကို အကြောင်းကြားထား တယ်လို့ ဒုရဲမှူး သန်းဖေကပြောပါတယ်။

Photo: ရခိုင့် သဇင် ချစ်သူ/ Facebook /RFA

No comments:

Post a Comment