Latest News

Monday, March 6, 2017

Twitterသုံးခွင့် ပိတ်ခဲ့ဖူးသည့် အီရန် သမ္မတဟောင်း ကိုယ်တိုင် Twitter စသုံး

Twitterသုံးခွင့် ပိတ်ခဲ့ဖူးသည့် အီရန် သမ္မတဟောင်း ကိုယ်တိုင် Twitter စသုံး

တစ်ချိန်က နိုင်ငံသားများ Twitter အသုံးပြုခွင့် ပိတ်ခဲ့ဖူးသူ အီရန် သမ္မတဟောင်း မာမွတ် အမာဒီနီဂျက်သည် Twitterပေါ် ကိုယ်တိုင် ရောက်ရှိလာကြောင်း သိရသည်။

မတ် ၅ ရက်တွင် အမာဒီနီဂျက်သည် Micro Blogging ပလက်ဖောင်း ဝက်ဘ်ဆိုက်ပေါ်တွင် ၎င်း၏ Accountသစ်ကို စတင်အသုံးပြုခဲ့သည်။ အမာဒီနီဂျက်သည် ၂၀၀၉ ခုနှစ်တွင် ဒုတိယ သက်တမ်း ရွေးကောက်ခံခဲ့ပြီးနောက် အတိုက်အခံများက Twitterမှတဆင့် ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုကို Twitter တော်လှန်ရေးဟု အီရန်တွင် လူသိများခဲ့သည်။

ထိုစဉ်က အမာဒီနီဂျက် ဦးဆောင်သော အစိုးရအဖွဲ့သည် Twitterအပြင် Facebookနှင့် အခြားသော လူမှုကွန်ရက် မီဒီယာများကို နိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ပင်ပြီး အတိုက်အခံများကို တုံ့ပြန်ခဲ့သည်။ ထိုအချိန်က အီရန် ပြည်သူများသည် VPN Softwareများကို ကြားခံထားကာ Twitter ဆက်သုံးခဲ့ရသည်။

“ဘုရားသခင်ကို တိုင်တည်ပြီး ကမ္ဘာကြီးရဲ့ ရင်နှစ်သည်းချာ လွတ်လပ်တဲ့ ပြည်သူအားလုံး ငြိမ်းချမ်းပါစေ”ဟု ပထမဆုံး Postကို အမာဒီနီဂျက်က Twitterတွင် လွှင့်တင်ခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ထိ အီရန်၏ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။

၎င်း၏ Twitter Account အသစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုထားသည့် ဗီဒီယို ဖြတ်ပိုင်းများလည်း လွှင့်တင်ထားသည်။ @Ahmadinejad1956 ဆိုသော Twitter Accountမှာ ၎င်း၏ Account အစစ်ဖြစ်ပြီး Follow ပြုလုပ်ထားရန်လည်း ဖိတ်ခေါ်ခဲ့သည်။

၎င်း၏ Accountတွင် မိမိကိုယ်ကို သရုပ်ဖော်ရာ၌ “ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်၊ အဖိုးတစ်ယောက်၊ တက္ကသိုလ် ပါမောက္ခတစ်ယောက်၊ သမ္မတ၊ မြို့တော်ဝန်နဲ့ အီရန်နိုင်ငံသားအဖြစ် ဂုဏ်ယူသူတစ်ယောက်”ဟု ရေးသားထားသည်။ အီရန် ရွေးကောက်ပွဲကို မေလတွင် ကျင်းပမည်ဖြစ်ပြီး အသက် ၆၀ အရွယ် အမာဒီနီဂျက် အနေဖြင့် ပြန်လည် ပါဝင် ယှဉ်ပြိုင်သင့်ကြောင်း နီးစပ်သူများက တိုက်တွန်းထားကြသည်။

Ref: CNN
7Day News Journal

No comments:

Post a Comment