Myanmar Idol (၄+၁) ရက်သတ္တပတ် ...
ဒီတပတ်မှာ အများက မှန်းဆထားတဲ့ အတိုင်း ဇင်ကြီးဟာ Wild card winner အဖြစ်နဲ့ ပြန်ရောက်လာခဲ့ပါတယ်။ အတော်လဲ ပျော်နေပုံပါပဲ။
ကျွန်တော့် အတွက်ကတော့ (သူထပ်ပြီး နာကျင်နေရမှာစိုးလို့) ပြန်မလာစေချင်တော့တဲ့ ရဲနောင် ပြန်ပါမလာတာကိုပဲ သူ့အတွက် စိတ်သက်သာရာ ရမိပါတယ်။
***
ပွဲဦးထွက်တွေက သိပ်ကောင်းလွန်းနေတာပဲလား...။
ပိုးမီဟာ Blues ဂီတနဲ့ အတန်ငယ် စိမ်းနေတဲ့ မြန်မာ ပရိသတ်တွေကို Blues သီချင်းလေး တပုဒ်ကို အကောင်းဆုံး ဆိုပြပြီး ပွဲထွက်ခဲ့ပါတယ်။
နားထောင်နေရင်း ကြက်သီးထလာတဲ့အထိကို ကောင်းပါတယ်လို့ တင်စားချင်ပါတယ်။
ဦးသိန်းတန် ပြောခဲ့သလိုပဲ ပိုးမီကို သူတို့ ဒိုင်တွေ Save လိုက်ခဲ့တာ မှန်တယ်ဆိုတာ ပိုးမီ သက်သေပြနေဆဲပါပဲ။
***
ဒီတပတ် သားငယ်ရဲ့ ဆိုပုံက ကျွန်တော့် အတွက်တော့ ပိုးမီလောက် မထိပါဘူး။ ဆိုသွားတာ မကောင်းဘူးလို့ မဆိုလိုပါ။ ဆိုသွားတာက Blues ဟန်ထက် Rocker ဇော်ဝင်းထွဋ် ဆိုသွားတဲ့ Rock ဟန်ဘက်ကိုသာ ပိုနွယ်ပါတယ်။
ပြီးတော့ သီချင်းရဲ့ Tempo ကလဲ ဇော်ဝင်းထွဋ် ဆိုတာထက် နည်းနည်း ပိုနှေးလို့ နည်းနည်းလေး ၀ပ်နေတယ်လို့ ခံစားမိပါတယ်။
ဒိုင်တွေရဲ့ သားငယ်အပေါ် မှတ်ချက်တွေက ရှေ့ကအပတ်တွေ သိပ်ကောင်းခဲ့တဲ့ အရှိန်ကြောင့်လား မသိ၊ အားနာပါးနာ မြှောက်ပင့်နေတယ်လို့ပဲ ထင်ပါတယ်။
***
မိုင်းမိုင်ဆိုင်ရဲ့ ပြိုင်ပွဲဝင် ဆိုဟန်ကို နားထောင်မိလိုက်တာနဲ့ ပထမဆုံးသော စိတ်တိုင်းမကျမှုကတော့ Key ကို တရားလွန်ချထားပုံ ရတာကိုပါပဲ။ သူ့အသံနဲ့ နောက်ထပ် မြှင့်ဆိုလို့ ရနိုင်ပါလျက်နဲ့ Key အနိမ့်နဲ့ ဆိုသွားတာ သီချင်းရဲ့ အရသာကို အရင်ဆုံး ပျက်စေတယ်လို့ကို မြင်မိပါတယ်။
နောက်ပိုင်းမှာ မအော်နိုင်မှာစိုးလို့ Key ကို ချထားတော့ ရှေ့ပိုင်းမှာကတည်းက နားထောင် မကောင်းပါဘူး။
ပြီးတော့ Blues မဟုတ်တဲ့ Rock သီချင်း နောက်တပုဒ်ကို နားထောင်နေရသလိုပါပဲ။
ဒီတပတ်လဲ မိုင်းမိုင်ဆိုင်ကို စိတ်တိုင်း မကျပါ။
***
ပိုးမီပြီးတော့ ဒုတိယမြောက် နှစ်သက်မိသူဟာ ဇင်ကြီးပါ။
အသံက ချိုတဲ့ဘက်ကို ပိုရောက်နေပေမယ့် Blues အရသာကိုတော့ သားငယ်၊ မိုင်းမိုင်ဆိုင်တို့ထက် ပိုပေးနိုင်ပါတယ်။
ထူးအိမ်သင်ရဲ့ အရှိုက်အငင်ကို ဘယ်လိုမှ မမီတာဟာ ဇင်ကြီးရဲ့ ချို့ယွင်းချက် မဟုတ်ဘူး ဆိုရင်တောင် ရဲရဲကြီး ရှိုက်ငင် ဆိုပစ်သင့်တဲ့ နေရာတွေမှာ တွန့်ဆုတ်နေတာကိုတော့ သိပ်အားမရမိပြန်ပါဘူး။
ဒါပေမယ့် ပိုးမီ ဆိုတာပြီးရင်တော့ ဇင်ကြီးကို ကြိုက်ပါတယ်။
မေဆွိရဲ့ မှတ်ချက်က လိုတာထက် ပိုပါတယ်။ ဦးသိန်းတန်လဲ ဒီလိုပါပဲ။ တင်ဇာမော်လဲ ထူးမခြားနား..၊ ဘာကြောင့်လိုတာထက်ပို မြှောက်ပင့်နေကြမှန်း နားမလည်ပါ။ အားငယ်နေတတ်သူ ဇင်ကြီးကို အားတက်အောင် အားပေးချင်ကြတာလားတော့ မပြောတတ်...။
***
ဒီနေ့တော့ ဘယ်သူမှ ပိုးမီကို မမီပါလားလို့ တွေးနေတာကို ရပ်တန့်ပစ်လိုက်သူက ဘီလီလမင်းအေး လို့ တင်စားချင်ပါတယ်။ သီချင်းရွေးချယ်မှု၊ သီဆိုပုံ၊ သီချင်း Tempo အတင်အချ ဘာတခုမှ ပြောစရာ မရှိပါဘူး။
အင်မတန် ဆိုရ ခက်ခဲတဲ့ သီချင်းကို ဆိုသွားတာ တော်တော်ကို ကောင်းပါတယ်။
ကျော်ထက်အောင် ပြောသွားသလိုပဲ "ညီမလေး ကောင်းလွန်းအားကြီးပါတယ်" လို့ ပြောရမှာပါပဲ။ တင်ဇာမော်ရဲ့ မှတ်ချက်အတိုင်းလဲ ထပ်တူ ခံစားမိပါတယ်။
***
ဒီတပတ်အတွက် ကျွန်တော့်ရဲ့ အကြိုက်ဆုံး ပြိုင်ပွဲဝင်တွေကို အစဉ်လိုက် ရေးပြရရင်တော့...
(၁) ပိုးမီ။
(၂) ဘီလီလမင်းအေး။
(၃) ဇင်ကြီး။
(၄) သားငယ်။
(၅) မိုင်းမိုင်ဆိုင်။
***
မနက်ဖြန်မှာ နှစ်ယောက် ထွက်ရပါလိမ့်မယ်။
တခြားသော ပရိသတ်တွေနဲ့ ခံစားချက် ထပ်တူကျ..မကျ ဆိုတာကတော့ ရလဒ်ကို စောင့်ကြည့်ကြတာပေါ့...။
***
ကလိုစေးထူး
မတ်လ ၉ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၇ မိနစ်။
Thursday, March 9, 2017
Myanmar Idol (၄+၁) ရက်သတ္တပတ် ...
Myanmar Idol (၄+၁) ရက်သတ္တပတ် ...
Reviewed by Ar Ti
on
8:49 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment