Latest News

Sunday, March 12, 2017

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် CCTV တပ်ဆင်မှု ဧပြီလ အပြီးဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် CCTV တပ်ဆင်မှု ဧပြီလ အပြီးဆောင်ရွက်မည်

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုတွင် CCTV များ တပ်ဆင်နေမှု လက်ရှိရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီး လာမည့် ဧပြီလတွင် အလုံးစုံပြီးစီးရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ CCTV များကို ယခင်အစိုးရ လက်ထက်တွင် တရုတ်ကုမ္ပဏီတစ်ခု ဖြစ်သော CRCC (China) နှင့် ပြည်တွင်းကုမ္ပဏီ Myanmar Shwe Yin တို့က ပူးပေါင်းလုပ်ကိုင်ခွင့်ရခဲ့ပြီး ရန်ကုန်မြို့ အဓိကလမ်းမကြီး ၁၁ လမ်းပေါ်ရှိ မီးပွိုင့် ၁၅၄ ခုတွင် CCTV များ တပ်ဆင်၍ Control Centre မှ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်မည် ဖြစ်သည်။

မီးပွိုင့်များတွင် CCTV ကင်မရာများကို ၂၀၁၆ ခုနှစ် သြဂုတ်လက အပြီးသတ် ဆောင်ရွက်ရမည် ဖြစ်သော်လည်း ကုမ္ပဏီက လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ဒဏ်ကြေးများ ပေးဆောင်ခဲ့ရပြီး လက်ရှိတွင် CCTV တပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီစီးသည့် မီးပွိုင့်များကို Control Centre မှ ထိန်းချုပ်ကာ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မီးပွိုင့်တွေမှာ CCTV တပ်တဲ့အခါ လျှပ်စစ်မီး ခဏဖြတ်တောက်ရတယ်၊ ဒီအချိန်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလမို့ မီးဖြတ်လို့ မရဘူး၊ ဒါကြောင့် လုပ်ငန်းခဏရပ်ထားရတယ်၊ ဒါ့အပြင် အဝိုင်းတွေမှာ မီးပွိုင့်လုပ်ရင် အဆင်ပြေမပြေ အာဏာပိုင်အဖွဲ့က ညှိနှိုင်းနေကြတယ်၊ သင်္ကြန်မတိုင်ခင် CCTV တွေ အပြီးတပ်ဆင်နိုင်လောက်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယာဉ်ထိန်းရဲများ မရှိချိန် ယာဉ်မောင်းအချို့မှာ လမ်းပေါ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ မောင်းနှင်မှုများအပြင် တိုက်ပြေးမှုများကို လက်ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများဖြင့် စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်လျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မှုခင်းကျဆင်းရေး စီမံချက်ဖြင့် မြို့နယ်အနှံ့ လမ်းမီးတိုင်များတွင် CCTV ကင်မရာများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သိရသည်

The Voice

No comments:

Post a Comment