Latest News

Tuesday, March 14, 2017

ဗြိတိန်ပါလီမန်က Brexit မူကြမ်းကို ထောက်ခံပြီး စကော့တလန်က ခွဲထွက်ရန် ပြင်ဆင်

ဗြိတိန်ပါလီမန်က Brexit မူကြမ်းကို ထောက်ခံပြီး စကော့တလန်က ခွဲထွက်ရန် ပြင်ဆင်

မတ် ၁၃ ရက်တွင် ဗြိတိန်ပါလီမန်က ဗြိတိန်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂမှ ဆုတ်ခွာမှု စတင်ရန် ကိစ္စကို ၀န်ကြီးချုပ် ထရီဆာမေအတွက် ထောက်ခံအတည်ပြုပေးခဲ့ပြီး စကော့တလန်က လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲ အသစ်တစ်ရပ် ပြုလုပ်ရန် အစီအစဉ်များကို ကြေညာလိုက်ခြင်းဖြင့် အတိုက်အခံများကို အချက်ပြခဲ့သည်။

သူကောင်းမျိုး လွှတ်တော်က Brexit စတင်ရန် ထရီဆာမေကို အာဏာပေးသည့် မူကြမ်းတစ်ရပ်ကို ပြင်ဆင်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းမှု တစ်ရပ်ကို ပယ်ချုလိုက်ပြီးနောက် ယင်းမူကြမ်းသည် အစောဆုံးအဖြစ် မတ် ၁၄ ရက်၌ပင် ဥပဒေဖြစ်လာရန် လမ်းပွင့်သွားခဲ့သည်။

ယင်းနောက် ၀န်ကြီးချုပ် အနေဖြင့် ဥရောပသမဂ္ဂ၏ လစ္စဘွန်း သဘောတူစာချုပ်၏ အပိုဒ် ၅၀ ကို မည်သည့်အချိန်၌မဆို စတင်နိုင်ပြီး ဗြိတိန်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာရေး ကိစ္စကို အဆုံးသတ်နိုင်ရေးအတွက် နှစ်နှစ်ကြာ ဆွေးနွေးမှုကို စတင်နိုင်မည်ဖြစ်သည်။

ထရီဆာမေ၏ ပြောရေးဆိုခွင့်ရှိသူက ယခုမူကြမ်းကို အလစ်ဇဘက် ဘုရင်မကြီးထံမှ အတည်ပြုချက် ရရှိလိမ့်မည်ဟု မျှော်လင့်ရသည့် မတ် ၁၄ ရက်တွင် ဥရောပကောင်စီသို့ ထရီဆာမေ၏ အသိပေး အကြောင်းကြားစာ ပေးပို့လိမ့်မည် ဆိုခြင်းကို ငြင်းပယ်ခဲ့သည်။

“၀န်ကြီးချုပ်ဟာ မတ်လအကုန်မှာ အပိုဒ် ၅၀ အရ စတင်လုပ်ဆောင်လိမ့်မယ် ဆိုတာ ကျွန်တော်တို့အတွက် ရှင်းနေပါပြီ” ဟု ထရီဆာမေ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သို့သော် Brexit ကို မကြာခင် စတင်တော့မည့် အလားအလာသည် စကော့တလန်ရှိ လွှဲပြောင်းရယူထားသော အစိုးရအဖွဲ့ထဲမှ အမျိုးသားရေး ၀ါဒီများကို လွတ်လပ်ရေး ကိစ္စအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အသစ်တစ်ရပ် တောင်းဆိုရန် အလုံအလောက် တွန်းအားပေးနိုင်ခဲ့သည်။

ထရီဆာမေက ဗြိတိန်သည် ရွှေ့ပြောင်းအခြေချမှု ပြဿနာကို ဖြတ်တောက်နိုင်ရန်အတွက် ဥရောပ၏ ဈေးကွက်တစ်ခုတည်းအောက်မှ ထွက်ခွာမည်ဟု ပြောကြားခဲ့ပြီး အေဒင်ဘာရာတွင် အာဏာရထားသည့် စကော့တလန် အမျိုးသားရေးပါတီ (SNP) က ဥရောပသမဂ္ဂမှ ထွက်ခွာမှုသည် အလုပ်အကိုင်များနှင့် စီးပွားရေးကြီးထွားမှုကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့သည်။

SNP ၏ ၀န်ကြီးချုပ် နီကိုလာစတူဂျီယွန်က ဇွန်လ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် စကော့တလန်ပြည်သား အများစုသည် ဥရောပသမဂ္ဂ၌ ဆက်လက်နေလိုပြီး ကွဲပြားခြားနားသည့် အနာဂတ် တစ်ရပ်အတွက် ကြိုးပမ်းလိုသည်ဟု ပြောကြားခဲ့သည်။

မတ် ၁၃ ရက်တွင် စတူဂျီယွန်က ဗြိတိန်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂမှ မထွက်သေးမီ ၂၀၁၉ ခုနှစ် အစောပိုင်း အရောက်၌ စကော့တလန်အား ယင်းလုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်ရေး ရွေးချယ်ခွင့်တစ်ရပ် ပေးမည်ဟု ကတိပြုလိုက်ခြင်းဖြင့် ဗြိတိန်ကို ကောင်းစွာ သတိပေးလိုက်သည်။

သို့သော် ဥရောပကော်မရှင်က စကော့တလန် အနေဖြင့် ဗြိတိန်နိုင်ငံ၏ အဖွဲ့ဝင်အဖြစ် ဆက်ခံခြင်းမျိုးထက် ဥရောပသမဂ္ဂသို့ဝင်ရန် မိမိဘာသာ ပြန်လည်လျှောက်ထားနိုင်မည်ဟု ပြောကြားကာ အလျင်အမြန် တုံ့ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် လွတ်လပ်ရေးကို ငြင်းပယ်သည့်ဘက်က မဲ ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီးနောက် နောက်ထပ်ဆန္ဒခံယူပွဲ ပြုလုပ်ခြင်းသည် မရေရာမှုနှင့် သဘောထားကွဲပြားမှုများကိုသာ ဖြစ်စေလိမ့်မည်ဟုဆိုကာ ထရီဆာမေက ယင်းဆန္ဒခံယူပွဲကို တားဆီးနိုင်သည့် အာဏာရှိကြောင်း ပြသခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံသားများအား ဥပဒေကြောင်းအရ အာမခံချက်ပေးရန် ပြင်ဆင်မှုကို ထောက်ခံသည့် ဆန္ဒပြသူများက မတ် ၁၃ ရက်တွင် လန်ဒန်ရှိ အောက်လွှတ်တော် အပြင်ဘက်တွင် စုဝေးနေကြစဉ် (Photo: AFP)

Ref: AFP

Eleven Media Group

No comments:

Post a Comment