Latest News

Saturday, March 4, 2017

သံသယလေးများ

သံသယလေးများ

ဇန်န၀ါရီ ၂၉ ရက်က လုပ်ကြံခံလိုက်ရသော ဦးကိုနီသေဆုံးပြီးနောက် လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်မှုများအရ ဆက်စပ်တရားခံမှာ လေးဦးအထိရှိလာသော်လည်း ရှုပ်ထွေးမှု၊ေ၀၀ါးမှုနှင့် သံသယဖြစ်စရာများစွာရှိနေပြီး ဇာတ်လမ်းအဆုံးမဟုတ်သေးကြောင်း အများပြည်သူက ယူဆနေသည်။

ထုတ်ပြန်ချက်နှင့်ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲအရ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဆိုသော ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၏ သိန်းတထောင်ပေးစေခိုင်းမှုအရဟု သိရသည်။ ထိုနေရာတွင် စဉ်းစားစရာအချက်များ ပေါ်လာပါသည်။ ရိုးရိုးလေး စဉ်းစားကြည့်ပါမည်။

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ဗိုလ်ကြီးဟောင်းဇေယျာဖြိုးထက် အသက်အရွယ်နှင့် အတွေ့အကြုံပိုများနိုင်ပါသည်။ ထို့အပြင် တပ်မတော်၏ သဘောသဘာဝအရ အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုးနှင့် အထက်၊ အောက်ဆက်ဆံရေးမျိုးရှိပါသည်။ အငြိမ်းစားယူ ပြီးနောက် တပ်မှထွက်သွားပြီးနောက်ပိုင်းမှာပင် ထိုအတိုင်းဆက်ဆံကြပါသည်။ နောက်တချက်မှာ သူတို့နှစ်ဦးပေါင်းကာ ရောင်ဝါဖြိုးအမည်ဖြင့် ကုမ္ပဏီထူထောင်ဆိုသောအချက်နှင့် တခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်ဆိုသောအချက်များဖြစ်သည်။
     
   
''ကိုဇေယျာဖြိုးက ချမ်းသာပါတယ်။ ဒါပေမဲ့ သိန်းတထောင်ကို ပက်ခနဲပေးနိုင်လောက်တဲ့အထိတော့ မရှိလောက်ဘူး။ နောက်တခုက လက်ရှိပြောတဲ့ပုံဆို ကိုဇေယျာဖြိုးက ကိုအောင်ဝင်းခိုင်ကို ငွေထုတ်ပေးပြီး ခိုင်းတယ် ပြောတယ်။ ကိုအောင်ဝင်းခိုင်အဆင့်က ကိုဇေယျာဖြိုးသိန်းတထောင်ပေးပြီး ခိုင်းရနိုင်လောက်တဲ့ အဆင့်မဟုတ်သလို ပိုင်ဆိုင်မှုအရလည်း ပိုတောင်သာနိုင်သေးတာပဲ။ ကိုဇေယျာဖြိုးက Main ဆိုရင် ကိုအောင်ဝင်းခိုင်ကတောင် လွတ်သွားသေးတာ ကိုဇေယျာဖြိုးက ဘာလို့လွတ်အောင်မပြေးတာလဲ။ ကိုအောင်ဝင်းခိုင်ကိုမိရင် အခြေအနေတမျိုးပြောင်းသွားနိုင်တယ်လို့ ၀န်ကြီးက ပြောတယ်။ တကယ်ဆို သူတို့ပြောသလို ကိုဇေယျာဖြိုးက Main လေ။ ဘာလို့ ကိုအောင်ဝင်းခိုင်မိမှ အနေအထား ပြောင်းသွား နိုင်တယ်လို့ပြောတာလဲ။ ကိုအောင်ဝင်းခိုင်ရဲ့ အထက်ကလူကို မိနေပြီပဲ။ စဉ်းစားစရာပဲဗျာ''
ဗိုလ်ကြီးဟောင်းဇေယျာဖြိုးနဲ့ တာဝန်အတူထမ်းခဲ့ဖူးသော ဗိုလ်ကြီးတယောက်ရဲ့စကားပါ။

 နောက်တခုက လက်ရှိမှာ အရေးကြီးတရားခံလို့ ယူဆထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပြုမူနေထိုင်ပုံကလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။
မှတ်တမ်းများအရ နှစ်ဦးစလုံးမှာ တူညီတဲ့ နေထိုင်ပုံကို တွေ့နိုင်သည်။ ပတ်ဝန်းကျင်နဲ့ အရောတ၀င်မရှိခြင်း၊ ခြံတံခါးပိတ်ထားတတ်ခြင်း၊ မှန် အမည်းကားများကို စီးတတ်ခြင်း၊ သိုသိုသိပ်သိပ် နေထိုင်ခြင်းများမှာ စိတ်ဝင်စားစရာကောင်းပါသည်။

''သူ့ပုံစံက ဘယ်လိုလဲဆိုတော့ မေးရိုးလုံးလုံးနဲ့၊ အရပ်က သိပ်မြင့်မြင့်ကြီးမဟုတ်ဘူး။ အသားလတ်တယ်။ စိတ်မဆတ်ဘူး။ တည်ငြိမ်အေးဆေးတယ်။ အထက်ဖား အောက်ဖိတာတွေလည်း မရှိဘူး။ တာဝန်ကို ငြင်းပယ်တာမျိုး၊ ကလန်ကဆန်လုပ်တာမျိုးလည်း မရှိဘူး။ လက်အောက်ငယ်သားတွေနဲ့လည်း သူငယ် ချင်းပေါင်း ပေါင်းတယ်။ ကိုယ်တို့သင်တန်းတက်တုန်းက သူက အုပ်ချုပ်သူပါ''
ဇေယျာဖြိုးနဲ့ပတ်သက်ပြီး ရေကြည်အိုင် စစ်ခွေးအထူးသင်တန်းတက်ခဲ့သည့် စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီးဟောင်းတယောက်ရဲ့ ပြောပြချက်ပါ။

သတင်းများအရ လုပ်ကြံမှုအပြီး ဇန်န၀ါရီ ၂၉ ရက် ည ၉ နာရီခွဲတွင် အောင်ဝင်းခိုင်သည် ဇေယျာဖြိုးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဇန်န၀ါရီ ၃၀ ရက်တွင် ရောင်ဝါဖြိုးကုမ္ပဏီ၏ ဒါရိုက်တာတဦးဖြစ်သူ ရဲထွဋ်လှိုင်နှင့် နေပြည်တော်သို့ ထွက်ခွာသွားကြောင်း၊ မကွေးသို့သွားမည်ဟုပြောပြီး ကားဂိတ်သို့လိုက်ပို့ခိုင်းကာ နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် လူတယောက်လာခေါ်ဖို့ရှိသဖြင့် ဆင်းကျန်ခဲ့ကြောင်း သိရသည်။ တခြား အတည်မပြုနိုင်သော သတင်းများတွင် အောင်ဝင်းခိုင်မှာ နေပြည်တော်သို့အသွားလမ်းတွင် ကားပြောင်းစီးသွားကြောင်း၊ နေပြည်တော်အ၀င် တိုးဂိတ် CCTV မှတ်တမ်းတွင် သူစီးလာသောကားကို တွေ့ရသော်လည်း ပြန်ထွက်လာသည့်မှတ်တမ်းကိုမူ မတွေ့ရကြောင်း သိရသည်။

ဒီနေရာမှာလည်း စဉ်းစားစရာများ ရှိနေပါသည်။ ငွေပေးခိုင်းသည်ဆိုသော ဇေယျာဖြိုးသည် တိမ်းရှောင် ခြင်းမရှိဘဲ စေခိုင်းခံရသည်ဆိုသော အောင်ဝင်းဇော်က ဘာကြောင့်တိမ်းရှောင်ရပါသနည်း။ ဘာကြောင့် နေပြည်တော်သို့ ထွက်ခွာသွားရပါသနည်း။ ဘာကြောင့် နေပြည်တော်တွင် လမ်းစဖျောက်ခဲ့ပါသနည်း။ နောက်တချက်မှာ အောင်ဝင်းခိုင် နေပြည်တော်ရောက်သွားသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇေယျာဖြိုးသည် ဘာကြောင့် သင်္ကန်းစည်းပါသနည်း။ ၂၅ ရက် သတင်းစာရှင်းလင်းပွဲအရ ဇေယျာဖြိုးသည် နှစ်စဉ် သင်္ကန်းစည်းကြောင်း ဖော်ပြခဲ့သော်လည်း ဘာကြောင့် ဒီလိုရက်မှ သင်္ကန်းစည်းပါသနည်း။
စစ်ထောက်လှမ်းရေးဟောင်းတယောက်ဖြစ်သော ဇေယျာဖြိုးလို လူတယောက်က ပြစ်မှုကြီးတခုကို အကွက်ချစီစဉ်ပြီးတဲ့နောက် ကျောက်ကုန်းကျောင်းတိုက်မှာ သင်္ကန်းစည်းပြီး တိမ်းရှောင်နေခဲ့သည်ဆိုခြင်းမှာ သံသယဖြစ်စရာ ကောင်းသည်။ ဇေယျာဖြိုးက သိန်းတထောင်ပေး၍ ခိုင်းစေသည့် အောင်ဝင်းခိုင်ပင်လျှင် ခြေရာဖျောက်၍ ထွက်ပြေးလွတ်မြောက်နိုင်ပါလျှင် စစ်ထောက်လှမ်းရေးဟောင်းတယောက်က အဘယ်ကြောင့် ကျောက်ကုန်းကျောင်းတိုက်၌ သင်္ကန်းဝတ်ဖြင့် ကျန်ရစ်ခဲ့သနည်း။ စဉ်းစားဖွယ်ရာပင်။

လက်ရှိအခြေအနေတွင် တရားဝင် ကြေညာဖော်ပြချက်များအရ ၎င်းတို့လေးဦးကို ပုဒ်မအသီးသီးဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနေရာတွင်လည်း စဉ်းစားစရာအချက်များ ပေါ်လာပြန်သည်။ ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နှင့် အောင်ဝင်းခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ တို့ဖြင့် တရားစွဲဆိုမည်ဆိုလျှင် ကြည်လင်း တယောက်သာ ကိုယ်ထိ လက်ရောက်ကျူးလွန်သူဖြစ်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)ကို ငြိစွန်းနိုင်ပြီး ကျန်လူများမှာ တခြားပုဒ်မများအတွက် ရင်ဆိုင်ရရန်ရှိနေပြီး ပြစ်ဒဏ်လည်း လျော့နည်းဖွယ်ရှိသည်။ နောက်ထပ် စဉ်းစားစရာတခုမှာ ဖေဖော်ဝါရီ ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၏ လားရာဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအလိုအရ အမှုအနေအထားသည် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နှင့် အဆုံး သတ်သွားမလားလို့တောင် ပူပန်ရမည့် အခြေမျိုး ဖြစ်နေသည်။ တခုတော့ရှိသည်။ နောက်ဆုံးမှာ ဘယ်လို အဖြေမျိုးထွက်ထွက် ပွဲကြည့်သူ ပြည်သူများမှာ အဖြေ သိပြီးဖြစ်ကြောင်းကို ပြောစရာပင် မလိုတော့ပါ။

ရဲမွန်ထော
N E W S W A T C H

No comments:

Post a Comment