Latest News

Sunday, March 12, 2017

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ မတ်လ ၂၂ ရက်မှာ စပေးလို့ရပြီ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ မတ်လ ၂၂ ရက်မှာ စပေးလို့ရပြီ



လာမယ့် ဧပြီ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးရမယ့်သူတွေ အနေနဲ့ မတ်လ ၂၂ ရက်ကစပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ  ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာ တာဝန်ကျဝန်ထမ်းတွေအနေနဲ့  မတ်လ ၂၂ ရက်ကနေ  ၃၁ ရက်အထိ ၁၀ ရက်တာ ကာလအတွင်း ကြိုတင်မဲ ပေးနိုင်မှာဖြစ်ကာ နာမကျန်းသူတွေက မတ်လ ၃၀ ရက်ကနေ ၃၁ ရက်အတွင်း ကြိုတင်မဲပေးနိုင်တယ်လို့ ဆိုပါတယ်။

‘‘ကြိုတင်မဲပေးခွင့်ရှိသူတွေက ဥပဒေထဲမှာ ပါတယ်။ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ဖို့ရှိတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ နောက်တစ်ခါ ကော်မရှင်ဝန်ထမ်းတွေပေါ့’’လို့  ဦးတင်ထွန်းက ပြောပါတယ်။

ကြိုတင်မဲပေးပိုင်ခွင့် ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ သတ်မှတ်ထားတဲ့ ရက်တွေမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီ အထိ ကြိုတင်မဲ လာရောက်ပေးနိုင်တယ်လို့ သိရပါတယ်။

ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူတွေက ရွေးကောက်ပွဲနေ့မှာပေးရမယ့် မဲဆန္ဒနယ်ပြင်ပကို ရောက်ရှိနေတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ သင်တန်းသားတွေ၊ ကျောင်းသားတွေ၊ ဆေးရုံတက်နေရသူတွေနဲ့  အချုပ်ကျနေသူတွေ ပါဝင်ပြီး အဆိုပါပုဂ္ဂိုလ်တွေက ကြိုတင်မဲပေးချင်ရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲအပေါ် အငြင်းပွားတာတွေမရှိစေဖို့ ကြိုတင်မဲပေးရမည့်ရက်ကို ကြိုတင် ကြေညာမယ့်အပြင် လိုက်ပါလေ့လာချင်ရင်လည်း ဆောင်ရွက်ပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦး ၀င်ပြိုင်မှာဖြစ်ပြီး မဲပေးနိုင်သူ ၂ ဒသမ ၂ သန်းလောက်ရှိပါတယ်။

Source : 7DayDailly

Duwun

No comments:

Post a Comment