Latest News

Friday, March 10, 2017

ဆောတွင် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ယစ်မျိုးဆိုင်များ ခေတ္တဆိုင်ပိတ်သိမ်း

ဆောတွင် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ယစ်မျိုးဆိုင်များ ခေတ္တဆိုင်ပိတ်သိမ်း



ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ယစ်မျိုးဆိုင်များ  ခေတ္တပိတ်သိမ်းထားကြောင်း သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွှန့်က ပြောသည်။

မတ်လ ၈ ရက်မှ ၁၇ ရက်အထိ စာမေးပွဲကာလ ၁၀ ရက်တာအတွင်း ဆောမြို့ပေါ်တွင် ယစ်မျိုးဆိုင်များအားလုံး ပိတ်သိမ်းထားရှိရန် ၊ လက်လီလက်ကားရောင်းချခြင်းများကို ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းထားပြီး မလိုက်နာပါက ယစ်မျိုး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု မြို့နယ်ရဲစခန်းမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများရုံးမှ အကြောင်းကြားထားသည်။

ယင်းသို့ ခေတ္တပိတ်သိမ်းထားရန် အကြောင်းကြားထားသည်ဟု မြင့်မြတ်သူ စားသောက်ဆိုင် ပိုင်ရှင် ဦးတင်မောင်သန်းက ပြောသည်။

ဆောမြို့ပေါ် ကျောင်းသားဦးရေ ၄၀၉ ဦး၊ ဆောမြို့နယ်ကျောင်းသားဦးရေ ၇၃၀ ဦး ရှိပြီး ၎င်းတို့စာမေးပွဲဖြေနေစဉ်အတောအတွင်း ယခုလို ယစ်မျိုးဆိုင်များ ပိတ်သိမ်းထားခိုင်းခြင်း ဖြစ်သည်။

ဆိုင်များပိတ်သိမ်းထားရန် မတ်လ ၇ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ယစ်မျိုးလိုင်စင်ရ ၁၆ ဦးအား ဝန်ခံကတိ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ရပ်/ကျေးစာရေး ဦးအောင်စိုးလင်းက ပြောသည်။

အခြေခံပညာအထက်တန်းကျောင်း(အထက ဆော)တွင်စာမေးပွဲဖြေဆိုကြမည့်တက္ကသိုလ်ဝင်ကျောင်းသူ ကျောင်းသားများ စိတ်အေးချမ်းစွာဖြင့်စာမေးပွဲဖြေဆိုနိုင်ရန် ယင်းကဲ့သို့ ယစ်မျိုးဆိုင်များအား ခေတ္တပိတ်သိမ်းရန် ညွှန်ကြားထားခြင်းဖြစ်သည်။



Mizzima - News in Burmese

No comments:

Post a Comment