Latest News

Friday, March 10, 2017

ရက္ကာမြို့ သိမ်းယူရေးအတွက် ကူညီရန် ဆီးရီးယားသို့ အမေရိကန် မရိန်းတပ်ဖွဲ့ ၄၀၀ ခန့် စေလွှတ်

ရက္ကာမြို့ သိမ်းယူရေးအတွက် ကူညီရန် ဆီးရီးယားသို့ အမေရိကန် မရိန်းတပ်ဖွဲ့ ၄၀၀ ခန့် စေလွှတ်


ရက္ကာမြို့ကို အိုင်အက်စ်လက်မှ သိမ်းယူရေး တိုက်ပွဲဆင်နွှဲရာတွင် အကူအညီ ပေးရန်အတွက် မရိန်းတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို ဆီးရီးယားသို့ စေလွှတ်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က အတည်ပြုခဲ့သည်။

ရက္ကာသည် ဆီးရီးယား ပိုင်နက်ရှိ အိုင်အက်စ်၏ ပင်မခြေကုပ်စခန်း ဖြစ်ပြီး အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံအဖြစ် သတ်မှတ် ကြေညာထားသည့် အိုင်အက်စ်၏ မြို့တော်လည်း ဖြစ်သည်။ အမေရိကန်၏ အထူးတပ်ဖွဲ့ဝင်များမှာ ဆီးရီးယား စစ်မြေပြင်တွင် ယခင်ကတည်းက လှုပ်ရှားနေခဲ့ပြီး ယခုအခါ မရိန်းတပ်ဖွဲ့ဝင်များပါ ဆိုက်ရောက်လာခြင်း ဖြစ်သည်။

အမေရိကန် စစ်တပ်သည် အိုင်အက်စ်တို့ကို ရင်ဆိုင် တိုက်ပွဲဝင်နေသည့် ဆီးရီးယား တော်လှန်ရေး ပြောက်ကျား အင်အားစုများကို လကနက် ထောက်ပံ့မှုနှင့် သင်တန်းပေးမှု အပါအဝင် အကူအညီများ ပေးအပ်သွားမည် ဖြစ်သည်။

ထိုအတောအတွင်း အမေရိကန် ဦးဆောင်သည့် မဟာမိတ် တပ်များက ရက္ကာအနီး လေကြောင်းမှ တိုက်ခိုက်ရာတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သား ၂၀ မျှ သေဆုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုသို့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန်သည် မဟာမိတ် နိုင်ငံများနှင့် ပြန်လည် သုံးသပ် ဆွေးနွေးပြီး စစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာများကို ဆန်းစစ်ဖွယ် ရှိနေသည်။

ယခုအခါ မရိန်းတပ်ဖွဲ့များပါ ရက္ကာမြို့အနီးတွင် တပ်စွဲ နေရာယူလာခြင်းကြောင့် အိုင်အက်စ်များကို သုတ်သင်ရှင်းလင်းရာတွင် အကြီးအကျယ် အထောက်အပံ့ကောင်း ရရှိလာစေမည်ဟု မျှော်လင့်ကြောင်း ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဂျွန်ဒိုရီယန်က မှတ်ချက်ပေးခဲ့သည်။

ရက္ကာကို အလုံးအရင်းဖြင့် စစ်ဆင် တိုက်ခိုက်ခဲ့ပါက အိုင်အက်စ်တို့၏ ရပ်တည်မှုမှာ အလွန်ခက်ခဲသွားပြီဟု ယူဆရမည် ဖြစ်သည်။ တစ်ဖက်တွင် အီရတ်ဘက်ခြမ်းရှိ အိုင်အက်စ် အဓိက ခြေကုပ်စခန်းဖြစ်သော မိုဆူးလ်ကို သိမ်းယူရေး ကြိုးပမ်းမှုတွင်လည်း အီရတ် အစိုးရတပ်များက စစ်ရေးသာနေပြီ ဖြစ်သည်။

အမေရိကန် တပ်များသည် ရက္ကာမြို့အနီးရှိ မန်းဘစ်ဂ်ျ ဆင်ခြေဖုံးတွင် တပ်စွဲ နေရာယူထားသော်လည်း စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ ရှိနေမည် မဟုတ်ဟုလည်း ဒိုရီယန်က ပြောကြားသွားခဲ့သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment