Latest News

Sunday, March 5, 2017

ရန်ကုန်ဆေးရုံကြီး ရောဂါကုသဆောင်များတွင် စီစီတီဗီ ကင်မရာများ စတင်တပ်ဆင်

ရန်ကုန်ဆေးရုံကြီး ရောဂါကုသဆောင်များတွင် စီစီတီဗီ ကင်မရာများ စတင်တပ်ဆင်

ရန်ကုန်၊ မတ် ၅

ရန်ကုန်ဆေးရုံကြီး ရောဂါကုသဆောင် အချို့တွင် လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ တပ်ဆင်ခြင်းကို ယခုနှစ် မတ်လဆန်းတွင် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။

ယခုတပ်ဆင်မည့် ကင်မရာ ၂၀ဝ ခန့်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်မှုအောက်ရှိ ရောဂါကုသဆောင်များ ဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောဌာန၊ အရေပြားဌာန၊ သွားနှင့်ခံတွင်းဌာနနှင့် ကင်ဆာရောဂါကု ဌာနများ၏ လုံခြုံရေးပိုင်းအတွက် တင်ဆင်နေခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆေးရုံရဲ့လုံခြုံရေးအပိုင်းအတွက် အဓိက ဦးစားပေး တပ်ဆင်တာပါ။ နေ့စဉ် လူနာအတွေအတွက် သိန်းချီဝင်ရောက်နေတဲ့ ဆေးရုံတစ်ခုအတွက် အဖက်ဖက်က လိုအပ်တယ်။ နောက်ပြီး မလိုလားဘဲ ပစ္စည်းပျောက်တာတွေ မဖြစ်ဖို့ပဲ။ ရောဂါ ကုသဆောင်တွေကို တဖြည်းဖြည်းချင်း တပ်နေပါပြီ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်ဆေးရုံကြီး ရောဂါကုသဆောင်သစ်ကြီးတွင် တစ်ထပ်လျှင် စီစီတီဗီ ကင်မရာ ၂၅ လုံးနှုန်းဖြင့် စုစုပေါင်း ကင်မရာ အလုံး ၂၀ဝ နီးပါး တပ်ဆင်ကာ Control Centre အခန်းမှ စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး ပစ္စည်းပျောက်မှု၊ ခိုးယူမှု၊ အလစ်သုတ်မှုများ ကြုံလာပါက လုံခြုံရေး ကင်မရာ မှတ်တမ်းများမှတစ်ဆင့် အရေးယူနိုင်ရန် ကူညီဆောင်ရွက်ပေးကြောင်း အဆိုပါဆေးရုံကြီးထံမှ သိရသည်။

“ရန်ကုန်ဆေးရုံကြီးလို နေရာက လုံခြုံရေးကင်မရာ အပြည့်အဝ တပ်ထားဖို့ လိုအပ်တယ်။ အဓိက ဆေးဝါး တက်ရောက် ကုသနေသူတွေကြားထဲမှာ မလိုအပ်တဲ့ ထိတ်လန့်မှုမျိုး မဖြစ်ဖို့၊ နောက်ပြီး ဆရာဝန်တွေရဲ့ လုံခြုံရေးအတွက်လည်း ဖြစ်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စီစီတီဗီ ကင်မရာများ တပ်ဆင်ခြင်း လုပ်ငန်းအတွက် ဆေးရုံကြီး၏ အသုံးစရိတ် ဘတ်ဂျက်မှ ကျပ်သိန်း ၇၀ဝ ကျော် ထုတ်ယူ အသုံးပြုခြင်းဖြစ်ပြီး လှူဒါန်းသော အလှူငွေ အချို့လည်း ပါဝင်ကြောင်း အဆိုပါဆေးရုံကြီးထံမှ သိရသည်။

The Voice

No comments:

Post a Comment