Latest News

Saturday, March 11, 2017

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး တက္ကသိုလ်ကျောင်းသားအချို့ မကွေးမြို့မှာ ဆန္ဒထုတ်ဖော်

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး တက္ကသိုလ်ကျောင်းသားအချို့ မကွေးမြို့မှာ ဆန္ဒထုတ်ဖော်

 ရန်ကုန်၊မတ်လ ၁၁ - ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဒီနေ့ မနက် ၉နာရီကနေ ၁၁နာရီထိ မကွေးမြို့မှာ တက္ကသိုလ်ကျောင်းသားကျောင်းသူအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ “ကျနော်တို့နိုင်ငံမှာ ပညာရေးတိုးတက်ဖို့ ကျန်းမာရေးစနစ်တွေတိုးတက်ဖို့ဆိုတာ အသုံးစရိတ်တွေမြှင့်တင်ဖို့လိုတယ်။ အခုတော့ စစ်အသုံးစရိတ်က အရမ်းများနေတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကလည်း မရသေးဘူး။ ပြည်တွင်းစစ်တွေ ရပ်စဲပေးဖို့ တောင်းဆိုပါတယ် ” လို့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

ယခုဆန္ဒထုတ်ဖော်ပွဲကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ဦးဆောင်ပြုလုပ်တယ်လို့ သိရပါတယ်။ကျောင်းသားကျောင်းသူများအပြင် အခြား ပြည်သူအချို့ လည်း ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

” နိုင်ငံတကာမှာဆို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ညှိနှိုင်းရင် အဆင်ပြေပေမယ့် မြန်မာနိုင်ငံမှာတော့ တပ်မတော်ကိုပါ ညှိနေရတယ်။ ဘာလို့ ညှိလည်းဆို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တပ်မတော်ရဲ့ လွှမ်းမိုးမှုက အရမ်းများနေတယ်” လို့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ အစိုးရတစ်ခုတည်းလုပ်ရမှာတင် မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဖို့လိုပါတယ် လို့ လည်း ပြောပါတယ်။ဆက်လက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက်လည်း အခြားနည်းလမ်းတွေနဲ့ တိုက်တွန်းသွားမယ်လို့ သိရပါတယ်။

Author -  အောင်လေး

Photo - ကောင်းဝဏ္ဏမင်းကို facebook

Kumudra

No comments:

Post a Comment