Latest News

Wednesday, March 8, 2017

ပြင်သစ် တိရစ္ဆာန်ရုံ တစ်ခုတွင် ကြံ့တစ်ကောင်ကို သတ်ဖြတ်ပြီး ကြံ့ချို ခိုးယူမှု ဖြစ်ပွား

ပြင်သစ် တိရစ္ဆာန်ရုံ တစ်ခုတွင် ကြံ့တစ်ကောင်ကို သတ်ဖြတ်ပြီး ကြံ့ချို ခိုးယူမှု ဖြစ်ပွာ



တိရစ္ဆာန် အစိတ်အပိုင်း မှောင်ခို ရောင်းဝယ်သူများက ပြင်သစ်ရှိ တိရစ္ဆာန်ရုံ တစ်ခုထဲထိ ခိုးဝင်ပြီး ကြံ့တစ်ကောင်ကိုသတ်ကာ ကြံ့ချိုကို ဖြတ်တောက် ယူဆောင်သွားကြောင်း သိရသည်။

သိုအီရွိုင် တိရစ္ဆာန်ရုံက လာရောက်လည်ပတ်သူများ၏ အချစ်တော် ကြံ့ဖြူကြီး ဗင့်စ် အသတ်ခံရကြောင်း အတည်ပြု ကြေညာခဲ့သည်။ ဗင့်စ်သည် အသက် ၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး တိရစ္ဆာန်ရုံ၏ နာမည်ကျော် ပရိသတ် အချစ်တော်ကြီး အဖြစ်လည်း လူသိများသည်။

ယခုသီတင်းပတ်အတွင်း မသမာသူများက ညပိုင်းတွင် တိရစ္ဆာန်ရုံထဲ ခိုးဝင်ပြီး ဗင့်စ်ကို သတ်ဖြတ်ကာ ချိုတစ်ချောင်းကို ဖြတ်တောက် ယူဆောင်သွားခြင်း ဖြစ်သည်။ တရားခံများကိုမူ ဖမ်းမမိသေးကြောင်း သိရသည်။

“တကယ့်ကို တုန်လှုပ်စရာ သတင်းဆိုးပါပဲ”ဟု တိရစ္ဆာန်ရုံ၏ ဒါရိုက်တာ သီအာရီ ဒူးဂတ်က ပြောကြားခဲ့သည်။ ၎င်းက ယဉ်ကျေးမှု ဖွံ့ဖြိုးသော ဥရောပ လူ့အဖွဲ့အစည်းတွင် ထိုကဲ့သို့ ရာဇဝတ်မှုမျိုး ကြားပင် မကြားဖူးကြောင်းလည်း ဆိုသည်။

ဒူးဂတ်က ဗင့်စ်သည် ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်ပစ်၍ အသတ်ခံခဲ့ရခြင်းဟု အတည်ပြုခဲ့သည်။ ပါရီမြို့တော် အနောက်ဘက် မိုင် ၄၀ မျှ အကွာရှိ တိရစ္ဆာန်ဥယျာဉ်မှ အမှုတွင် ဗင့်စ်၏ ချိုနှစ်ချောင်းအနက် တစ်ချောင်းကိုသာ မသမာသူများက ဖြတ်တောက် ယူငင်သွားကြသည်။ ယင်းမှာ အချိန် မလုံလောက်သဖြင့် အလောတကြီး ထွက်ခွာသွားရာမှ နောက်တစ်ချောင်းကို ဖြတ်မယူသွားနိုင်ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ၎င်းတို့သည် ချိုကို ဖြတ်တောက်ရန်အတွက် လွှစက်တစ်ခုကို အသုံးပြုခဲ့ဖွယ် ရှိသည်။

ထိုတိရစ္ဆာန်ရုံတွင် ကြံ့ဖြူသုံးကောင် ရှိသည့်အနက် အသက် ၃၇ နှစ်အရွယ် ဂါစီယာနှင့် အသက် ၅ နှစ်အရွယ် ဘရူနိုတို့မှာမူ ရာဇဝတ်သားများ လက်မှ လွတ်မြောက်ခဲ့ပြီး ဘေးကင်းရန်ကင်း ရှိနေကြောင်း သိရသည်။

နိုင်ငံတကာတွင် ကြံ့ချိုရောင်းဝယ်မှုကို ဥပဒေဖြင့် တားမြစ် ပိတ်ပင်ထားသော်လည်း အာရှ တိုင်းရင်းဆေးဝါး ဈေးကွက်၏ အဓိက ကုန်ကြမ်းတစ်ခုအဖြစ် ရှိနေသောကြောင့် မှောင်ခိုဈေးကွက်တွင် ဝယ်လိုအား မြင့်မားနေဆဲ ဖြစ်သည်။ မှောင်ခိုဈေးကွက်တွင် ၂၀၁၅ ခုနှစ် ပေါက်ဈေးအရ ကြံ့ချို တစ်ကီလိုဂရမ်၏ ဈေးနှုန်းသည် ဒေါ်လာ ငါးသောင်းလေးထောင်မျှ ရှိခဲ့ကြောင်းလည်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: Guardian



7Day News Journal

No comments:

Post a Comment