Latest News

Friday, March 17, 2017

အဲဗာတန်က ထွက်ခွာဖို့ ရှိတဲ့ တိုက်စစ်မှုး လူကာကူ

အဲဗာတန်က ထွက်ခွာဖို့ ရှိတဲ့ တိုက်စစ်မှုး လူကာကူ

အဲဗာတန်တိုက်စစ်မှူး လူကာကူက လက်ရှိ ကလပ်အသင်းရဲ့ စာချုပ်သစ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့အတွက် လာမယ့် နွေမှာ ဒီတိုက်စစ်မှူးအနေနဲ့ အသင်းပြောင်းဖို့ လုံးဝနီးပါးကို သေချာသွားခဲ့ပြီဖြစ်ပါတယ်။ လူကာကူရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ရွိုင်လို လာကတော့ ဒီစာချုပ်သစ်ကိစ္စ ဆွေးနွေးမှုဟာ ရာနှုန်းပြည့်နီးပါး ပိတ်သိမ်း သွားခဲ့ပြီလို့ ပြောကြားခဲ့တာပါ။ လူကာကူဟာ တစ်ပတ်လုပ်ခ ပေါင် ၁၃ဝဝဝဝ တန် စာချုပ်သစ်ကို ငြင်းပယ်ခဲ့သလို သူ့ရဲ့ ရည်မှန်းချက် က ချန်ပီယံလိဂ်မှာ ကစားရဖို့ ဖြစ်တယ်လို့ဆိုခဲ့တာကြောင့် သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲက ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်း တစ်သင်းကိုသာ ရောက်ဖို့ရှိနေတယ်လို့ သုံးသပ်ရပါတယ်။

အဲဗာတန်နဲ့ လူကာကူတို့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်က သုံးနှစ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ထားခံနေရတဲ့ လူကာကူရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းသိဖို့ အဲဗာတန်က စာချုပ်သစ်ကို မြန်မြန်ဆန်ဆန် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဘက်က အခုလို ပယ်ချလိုက်တဲ့ အတွက် ဒီဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အနှေးနဲ့ အမြန်ဆိုသလို အဲဗာတန်က ထွက်ခွာဖို့တော့ရှိနေပါပြီ။

သူဟာ ဥရောပအသင်းကြီးတွေရဲ့ အလိုရှိခံရဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အဲဗာတန်က သူတို့ တိုက်စစ်မှူးအတွက် ပေါင်သန်း ၇ဝ အထိ ဈေးခေါ်ထား ပါတယ်။ ဒါကြောင့် ငွေကြေးအင်အားတောင့်တင်းတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကသာ သူ့ကို ရနိုင်ခြေရှိပါတယ်။ လူကာကူကို ခေါ်ယူချင်နေတယ်လို့ နာမည်ထွက်နေတဲ့ အသင်းတွေကတော့ ရီးယဲလ်မက် ဒရစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ ပရီမီယာလိဂ်ကလပ် အသင်းတွေဖြစ်တဲ့ စပါး၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ဖြစ် ကြပါတယ်။ လူကာကူရဲ့အသင်းဟောင်း ချယ်လ်ဆီး က သူ့ကို ပြန်ခေါ်ချင်နေသလို တိုက်စစ်မှူးသစ် တစ်ဦးကို မဖြစ်မနေရှာဖွေနေတဲ့ မန်ယူကလည်း လူကာကူကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ကတော့ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ လူကာကူကို အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် ခေါ်ယူဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ အစောပိုင်းက မန်ယူအသင်းကို လူကာကူ ရောက်လာနိုင်တယ်လို့ ကမ္ဘာ့ဘောလုံး ဈေးကွက်သုံးသပ်သူတွေက ယူဆကြပေမယ့် မန်ယူ သာ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လူကာကူလည်း ရောက်လာဖို့မရှိတော့ပါဘူး။ ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း ကော်စတာကို ထုတ်ရောင်းပြီး လူကာ ကူနဲ့ ရီးယဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် လူကာကူရဲ့ ဒုတိယမြောက် စတန်းဖို့ဒ်ဘရစ်ခ်ျခရီးစဉ် ပြန်စမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။(မေလဲ့သင်း)The Mirror Daily

No comments:

Post a Comment