Latest News

Thursday, March 9, 2017

မန္တလေးတိုင်း ၆ မြို့နယ်မှာ လေပြင်းဒဏ် ကြိုတင်ကာကွယ်

မန္တလေးတိုင်း ၆ မြို့နယ်မှာ လေပြင်းဒဏ် ကြိုတင်ကာကွယ်

မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားရင် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၆ မြို့နယ်မှာ ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မိုးသီးဒဏ် လေပြင်းဒဏ်ခံနိုင်တာမျိုး ရှိ မရှိ စစ်တမ်းကောက်ယူပြီး ဆင်းရဲနွမ်းပါးတဲ့ အိမ်တွေမှာ အမိုးမလုံတာတွေကို အမိုးမိုးပေးတာ၊ ပြုပြင်ပေးတာတွေကို မန္တလေးတိုင်းဒေသကြီးတွင်းက မြင်းခြံ၊ မြစ်သား၊ ကျောက်ဆည်၊ ရမည်းသင်း၊ ၀မ်းတွင်း၊ စဥ့်ကိုင် စတဲ့ ၆ မြို့နယ်တွေမှာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွဋ်ဆွေက ပြောပါတယ်။

"မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၅ နှစ်က အဖြစ်များတဲ့ မြို့နယ် ၆ မြို့နယ်ကိုရွေးထုတ်လိုက်တယ်၊ လေပြင်းတိုက်လာပြီ အမိုးတွေလန် မိုးသီးတွေကြွေလို့ လူတွေ၊ တိရိစ္ဆာန်တွေ သေကြေမှုက လျော့ပါးအောင် ကြိုတင်ပြင်ဆင်မှုတွေ စလုပ်နေပြီ၊ မြင်းခြံမှာ အမိုးမိုးတာပြီးသွားပြီ၊ မြစ်သားမှာ မနက်ဖြန်စပါမယ်"

ဒီလကုန်မှာ အပြီးဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုက ချပေးထားတဲ့ ဘတ်ဂျတ် ကျပ်သိန်းပေါင်း ၃၈၀ အသုံးပြုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လေပြင်းဒဏ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လိုက်လံဆောင်ရွက်နေတယ်လို့ ဦးသန်းထွဋ်ဆွေက ပြောပါတယ်။

မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အဆောက်အဦး ကြံ့ခိုင်မှုကို စစ်ဆေးဖို့၊ အိမ်အနီးကျိုးကျနိုင်တဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းထားဖို့၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဖြစ်လာရင် လယ်ကွင်း၊ ကွင်းပြင်ထဲ နေထိုင်တာတွေကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ တွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြီးခဲ့တဲ့ လကုန်ကစပြီး အသိပေးကြေညာထားပါတယ်။

Photo: Rrd Mandalay

(မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ပေါင်လောင်ကြီးကျေးရွာ ခတက္ကကုန်းကျေးရွာနဲ့ ကျားကာကျေးရွာ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေကြစဉ်)
RFA

No comments:

Post a Comment