Latest News

Monday, March 27, 2017

ဂျပန် နှင်းတောင်ပြိုမှု ကလေး ၆ ယောက် သေဆုံးဖွယ်ရှိ

ဂျပန် နှင်းတောင်ပြိုမှု ကလေး ၆ ယောက် သေဆုံးဖွယ်ရှိ

ဂျပန်နိုင်ငံက နှင်းလျှော်စီး အပန်းဖြေစခန်းတခုမှာ ရေခဲတောင်ပြိုကျမှု တခု ဖြစ်ပွားခဲ့လို့ အထက်တန်းကျောင်းနေ အရွယ် အနည်းဆုံး ကလေးငယ် ၆ ယောက်ဟာ ပိတ်မိနေပြီး အသက် ဆုံးရှုံးနိုင်ဖွယ် အန္တရာယ်ကျရောက်နေပါတယ်။

နှင်းတောင်ပြိုကျမှုဟာ တိုချီဂိ ဒေသ နာဆု မြို့ က နာဆုအွန်ဆန် အမည်ရှိ နှင်းလျှော်စီး အပန်းဖြေစခန်းမှာ
တနင်္လာနေ့ (ဒီနေ့) ဖြစ်ခဲ့တာပါ။    လွန်ခဲ့တဲ့ ၂ ရက်ကတည်းက အဲဒီဒေသတဝိုက်မှာ နှင်းတွေ အများအပြား ကျရောက်နေပြီး နှင်းတောင်ပြိုကျနိုင်မှု သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

ဂျပန် ကျိုဒို သတင်းဌာန ဖော်ပြချက်အရ ကျောင်းသား အရွယ် ၆ ယောက် ဟာ ပျောက်ဆုံးနေပါတယ်။

နှင်းတောင် ပြိုကျချိန်မှာ ကျောင်းတချို့က ကျောင်းသားနဲ့ ဆရာ အယောက် ၇၀ လောက် အဲဒီဒေသကို ရောက်ရှိနေပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း စတင်နေပြီး သတင်းတချို့အရ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ၃၀ ကျော် တယ်လို့ သိရပါတယ်။

ဒေသခံမီဒီယာတွေ အဆိုအရ ကျောင်း ၇ ကျောင်းက ကျောင်းသား ကလေးငယ်တွေဟာ စုပေါင်းပြီး တောင်တက် လေ့ကျင့်ခန်း ဆင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျပန် တာဝန်ရှိသူတွေဟာ အခုလို အသက်သေဆုံးမှုတွေမှာ အလောင်းခွဲစိတ်စစ်ဆေမှု ဖြစ်စဉ် အပြီးမှသာ သေဆုံးကြောင်း တရားဝင် ထုတ်ပြန်လေ့ရှိတယ်လို့ တိုကျို အခြေစိုက် ဘီဘီစီ သတင်းထောက် ဝင်းဖီးလ်ဟေ့စ် က ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ ဒေသမှာ ရာသီဥတု ဆိုးရွားနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း နှောင့်နှေးကြန့်ကြာနေပါတယ်။  ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေဟာ အခုအချိန်အထိ နှင်းတောင်ပြိုကျခဲ့တဲ့ နေရာကို မရောက်ရှိသေးဘူးလို့ သိရပါတယ်။

တနင်္လာနေ့ မှာလည်း အဲဒီ ဒေသရဲ့ ရာသီဥတု အခြေအနေဟာ ဆက်လက် ဆိုးရွားနေပါတယ်။  တနင်္ဂနွေနေ့ကတည်းက အသစ်ကျတဲ့ နှင်းထုဟာ ၃၀ စင်တီမီတာ ကျော် ရှိပြီ ဖြစ်ပါတယ်။

အခုလတ်တလောမှာ အပူချိန်ပြန် မြင့်မားလာလို့ နောက်ထပ် နှင်းတောင်ပြိုကျနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

BBC

No comments:

Post a Comment