ကန့်ဘလူမြို့နယ် လိပ်တ္တူ ကျေးရွာအနီး ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိ
နေပြည်တော်၊ မတ် - ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ လိပ်တ္တူ ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ရထားလမ်းမိုင်တိုင်အမှတ် ၄၉၃/၂ နှင့် ၄၉၃/၃ အကြားတွင် ယနေ့နံနက် ၄ နာရီခန့်၌ မြစ်ကြီးနားမှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးရန်မျိုးအောင် မောင်းနှင်ထွက်ခွာလာသည့် ၄၂ အစုန် ခရီးသည်တင်ရထားနှင့် မန္တလေးမှ စက်ခေါင်းမောင်း ဦးသန်းထိုက် မောင်းနှင်ထွက်ခွာလာသည့် ၄၁ အဆန် ခရီးသည်တင်ရထား ၂ စင်းတို့ ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အမှတ် ၄၁ မန္တလေး-မြစ်ကြီးနား ခရီးသည်တင် အဆန်ရထားသည် ကန့်ဘလူမြို့ဘူတာတွင် ရပ်တန့်စောင့်ဆိုင်းရမည်ဖြစ်သော်လည်း စက်ခေါင်းမောင်း၏ အားနည်းချက်ကြောင့် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ခွာသွားခဲ့ရာ ရထားပေါ်တွင်ပါရှိသည့်တာဝန်ရှိသူတစ်ဦးက အရေးပေါ်ဘရိတ်များအား ဆွဲခဲ့သဖြင့် ရထားအရှိန်လျော့သွားချိန်တွင် မြစ်ကြီးနားမှထွက်ခွာလာသည့် အမှတ် ၄၂ အစုန်ခရီးသည်တင် ရထားဖြင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ရထားနှစ်စင်း၏စက်ခေါင်းများ အနည်းငယ် ပျက်စီးခဲ့ပြီး ၄၁ အဆန်ခရီးသည်တင်ရထား စက်ခေါင်းအမှတ် DF 1357 တွင် ရိုးရိုးတန်း တွဲအမှတ်၊ BDTEZ- 12070 ၏ ယာဘက်ဘီး ၂ ဘီး လမ်းချော်မှုဖြစ်ပွားခဲ့ကာ ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိ ရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment