Latest News

Wednesday, March 22, 2017

မဘိမ်းမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် သစ်ခိုးယာဉ်များ ဆက်လက်သိမ်းဆည်းရမိ

မဘိမ်းမြို့နယ်အတွင်း တရားမ၀င်သစ်များနှင့် သစ်ခိုးယာဉ်များ ဆက်လက်သိမ်းဆည်းရမိ



နေပြည်တော်၊ မတ် - ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တုံကွာကျေးရွာ၏ အရှေ့တောင်ဘက် ၆ မိုင်ခွဲခန့်နေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်မှ သစ်မျိုးစုံခန့်မှန်း သစ်တန်ချိန် ၉၄၄ ဒသမ ၈တန်ခန့်၊ ယာဉ်/ယန္တရားမျိုးစုံ ၁၃ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။



ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ မတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မဘိမ်းမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာသို့ ရောက်ရှိရှင်းလင်းစဉ် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် နေရာတစ်ဝိုက်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၁၁၃၅ ချောင်း (ခန့်မှန်း ၁၈၀ တန်ကျော်)၊ ပိတောက် သစ်လုံးဆိုဒ်စုံ ၃၆၄ လုံး(ခန့်မှန်း ၅၆ တန်ကျော်)၊ ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၉၇၈ ချောင်း(ခန့်မှန်း ၁၇ တန်ခွဲကျော်) စုစုပေါင်းသစ်မျိုးစုံ ခန့်မှန်း ၂၅၄ တန်ကျော်၊ ကရိန်းယာဉ် ၁ စီး၊ တုန်ဖုန်း အမျိုးအစားမော်တော်ယာဉ် ၂ စီး၊ ဟီးနိုးအမျိုးအစားမော်တော်ယာဉ် ၂ စီး၊ ချက်ပလက် အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ ကာဂိုအမျိုးအစားမော်တော်ယာဉ် ၂ စီး၊ သရီးကရောင်းယာဉ် ၂ စီး စုစုပေါင်း သစ်ခိုးယာဉ်/ယန္တရားမျိုးစုံ ၁၀ စီးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် သစ်ခွဲစက် ၃ လုံး၊ မီးစက် ၂ လုံး တို့ကို ပိုင်ရှင်မဲ့ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းနယ်မြေတို့တွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ မတ် ၂၀ ရက်အထိ ကျွန်းသစ်လုံး/ခွဲသားဆိုဒ်စုံ ခန့်မှန်း ၁၇၉၅ ဒသမ ၃၉ တန်၊ ပိတောက်/တမလန်း အပါအ၀င် သစ်မာ အမျိုးအစားခန့်မှန်း ၄၄၅ ဒသမ ၂၄ တန် စုစုပေါင်း သစ်မျိုးစုံခန့်မှန်း ၂၂၄၀ ဒသမ ၆၃ တန်၊ သစ်ခိုးယာဉ်/ယန္တရားမျိုးစုံ ၁၇၄ စီး၊ တရုတ်နိုင်ငံသား ၁၁ ဦး အပါအ၀င် စုစုပေါင်း သစ်ခိုးထုတ်သူ ၁၃ ဦးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။


မြန်မာ့အဖိုးတန်သယံဇာတများကို  တရားမ၀င်ခိုးထုတ်ရောင်းဝယ်မှုများသည် နိုင်ငံတော်၏ စီးပွားရေးကို များစွာထိခိုက်နစ်နာစေပြီး ဆုံးရှုံးမှုကြီးစွာဖြစ်ပေါ်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကိုပါ ထိခိုက်ပျက်စီးစေသဖြင့် တပ်မတော်စစ်ကြောင်းများက အဖိုးတန်သယံဇာတများ တရားမ၀င်ခိုးထုတ် ရောင်းဝယ်မှုများ ထပ်မံ မဖြစ်ပွားစေရေး နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment