Latest News

Wednesday, March 15, 2017

အကယ်ဒမီရွှေစင်ရုပ်တု ဘယ်သူတွေ ပိုင်ဆိုင်ခွင့်ရမလဲ

အကယ်ဒမီရွှေစင်ရုပ်တု ဘယ်သူတွေ ပိုင်ဆိုင်ခွင့်ရမလဲ

၂၀၁၆ အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ မည့် စင်မြင့်ကို ရွှေတိဂုံစေတီတော် နောက်ခံထား၍ ပြည်သူ့ရင်ပြင် အတွင်း ဆောက်လုပ်နေပြီဖြစ် သည်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ သမိုင်းတစ်လျှောက် အဆိုပါနေရာတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သောကြောင့် ယခုနှစ် ဆုပေး ပွဲကို ယခင်နှစ်များထက် ပြည်သူ များက ပိုမိုစိတ်ဝင်စားနေသည်။


ထို့အပြင် ပြီးခဲ့သည့်နှစ်က ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၁၄ နှင့် ၂၀၁၅ အတွက် ၂ နှစ်စာပေါင်း ၍ ပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပြီးခဲ့သည့် ၂၀၁၆ အတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကားများကို စိစစ်ရွေးချယ် ခြင်းဖြစ်၍ ပရိသတ်အတွက်ရော အနုပညာရှင်များအတွက်ပါ ယခင်နှစ်များထက် လတ်ဆတ်မှုရှိနေ မည်ဖြစ်သည်။

၂၀၁၆ အတွက် အကယ်ဒမီ စာရင်းဝင်သည့် ဇာတ်ကားအရေ အတွက်သည် ၃၃ ကားဖြစ်ပြီးဟာသကားမှာမူ ထက်ဝက်ခန့် ပါဝင်နေသည်ကို တွေ့ရသည်။

ဇာတ်ကားအရေအတွက် များပြားလာသည်နှင့်အမျှ ရုပ်ရှင် ထူးချွန်ဆုရရှိရန် ရေပန်းစားသူ များမှာလည်း ယခင်နှစ်များထက် ပိုမိုများပြားလာသည်။ ထို့အပြင် ယခုနှစ် အကယ်ဒမီသည် နာမည် ကြီးသရုပ်ဆောင်များသာ တစ်နှစ် လျှင် တစ်ယောက် အလှည့်ကျပုံစံ ရရှိနေသည့် အစဉ်အလာကိုလည်းချိုးဖျက်နိုင်မည်ဟု လက်ရှိထွက် ပေါ်နေသော တစ်ကြိုခန့်မှန်းချက် များကိုကြည့်၍ သုံးသပ်မှုများ ရှိနေသည်။

ယခုနှစ်တွင် နှစ်စဉ် သုံးနှစ် ဆက်တိုက် အကယ်ဒမီရရှိခဲ့သည့် ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ် သည့် ပြေတီဦး၏ ဇာတ်ကားတစ် ကားသာ ပါဝင်ပြီး ယင်းဇာတ်ကား မှာလည်း ဟာသကားဖြစ်သော ကြောင့် အကယ်ဒမီ
မဝင်နိုင်ဟု ကာယကံရှင် ပြေတီဦးကိုယ်တိုင် က ခန့်မှန်းထားသည်။

‘‘ဒီနှစ် အကယ်ဒမီရင်ခုန်သံ ကမရှိဘူး။ သူများတွေကို အားရ ပါးရ အားပေးမယ်’’ဟု ပြေတီဦး က ပြောကြားထားသည်။

နေတိုးကလည်း အကယ်ဒမီ စာရင်းတွင် ၎င်းပါဝင်သရုပ် ဆောင်ထားသည့် ဇာတ်ကားငါး ကားပါဝင်သော်လည်း ယခုနှစ် အကယ်ဒမီအတွက် ရင်ခုန်မှုမရှိ ဘဲ မျိုးဆက်သစ်များကိုသာ အား ပေးရန် တက်ရောက်မည်ဟုမီဒီယာများအား ဖြေကြားထားသည်။

၂၀၁၆ အတွက် အမျိုးသား ဇာတ်ဆောင်ဆုရရှိနိုင်သူဟု ရေ ပန်းစားနေသူများတွင် တစ်ခါမျှ ဆုမရဖူးသေးသည့် အနုပညာရှင် များ ပါဝင်နေသည်။

‘အုတ်ကြား မြက်ပေါက်’ ဇာတ်ကားတွင် ဖိုးသိကြားအဖြစ် သရုပ်ဆောင်ပီပြင်ခဲ့သည့် ထွန်းထွန်း၊ ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားတွင် ပရိသတ်အားပေးမှုရရှိခဲ့ သည့် မြင့်မြတ်၊ ‘ငဘ’ရုပ်ရှင်တွင် ငဘအဖြစ် ပီပြင်ခဲ့သူ ကျော်သူနှင့် ‘ဘွန္တောကြက်သူခိုး’ ဇာတ်ကားဖြင့် ပရိသတ်သတိပြုမိခဲ့သည့် အောင် ရဲလင်းတို့ဖြစ်သည်။

အောင်ရဲလင်းသည် ‘ဘွန္တော ကြက်သူခိုး’ဇာတ်ကားတွင် ဇာတ် ရုပ်ကို ပီပြင်အောင် သရုပ်ဆောင် နိုင်ခဲ့သော်လည်း လည်ပင်းတွင် ထိုးထားသည့်တက်တူးက ဝေဖန် ထောက်ပြစရာ အချက်တစ်ချက် ဖြစ်နေသည်။ ထို့အတူ ‘ခိုးဆိုးလု နှိုက်’ဇာတ်ကားတွင် မြင့်မြတ်ထိုး ထားသည့် တက်တူးများသည် ၎င်း သရုပ်ဆောင်ရသည့် ဇာတ်ရုပ်နှင့် လိုက်ဖက်မှုမရှိဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။

မြင့်မြတ်က ယခုနှစ် အကယ် ဒမီစာရင်းတွင်ပါဝင်သည့် ‘ခိုးဆိုး လုနှိုက်’နှင့် ‘မှော်ကျောက်စာ’ရုပ် ရှင်များကို အားရကျေနပ်မှုရှိသည် ဟု ပြောကြားထားသည်။

‘ငဘ’ဇာတ်ကားမှ ကျော်သူ နှင့် ‘အုတ်ကြားမြက်ပေါက်’ဇာတ် ကားမှ ထွန်းထွန်းသည် လက်ရှိအချိန်အထိ ဆုရရှိရန် ရေပန်းအစား ဆုံးဖြစ်သည်။

အမျိုးသမီးသရုပ်ဆောင်ဆု တွင် ‘ချစ်လှစွာသော အမုန်း’ ဇာတ်ကားဖြင့် သက်မွန်မြင့်နှင့် ဝတ်မှုံရွှေရည်တို့ အကယ်ဒမီရရှိ ရန် ရေပန်းစားနေသလို အေးမြတ် သူကလည်း ‘မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်’ဇာတ်ကားနှင့် ‘ပရော်ဖက်ဆာဒေါက်တာဆိတ် ဖွားနှင့် မြိုင်ရာဇာတာတေ’ဇာတ် ကားများတွင် ပီပြင်သည့် သရုပ် ဆောင်မှုများကြောင့် ရုပ်ရှင်ထူး ချွန်ဆုရရန် ရေပန်းစားနေသည်။

သက်မွန်မြင့်က ‘ချစ်လှစွာ သော အမုန်း’ဇာတ်ကားနှင့်ပတ် သက်၍ ၎င်း၏ အကယ်ဒမီရင်ခုန် သံကို ယခုကဲ့သို့ ပြောသည်။

‘‘အဲဒီကားလေးကို အရမ်း သဘောကျတယ်။ ဇာတ်ကားအ နေနဲ့ကလည်း တကယ့်ကို သီချင်း လေးထဲကအတိုင်း အချစ်ထက် မကတဲ့ မေတ္တာတွေနဲ့ ပုံဖော်ထား တာ။ ဇာတ်ကားလေးကို အရမ်း သဘောကျတယ်။ ကစ်ကစ်(ဝတ် မှုံရွှေရည်)လည်း သူ့ကာရိုက်တာ ကို ပီပြင်အောင် ကြိုးစားထား တယ်။ အရမ်းလည်း ပီပြင်ပါ တယ်။ ရတာ၊ မရတာကတော့ ကံ ပါပဲ။ ကိုယ်တွေဘက်ကတော့ အရမ်းကြိုးစားထားတယ်’’  ဟု ပြောသည်။

အမျိုးသားဇာတ်ပို့စာရင်း တွင်မူ လက်ရှိအစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဇင်ဝိုင်းတို့ အားပြိုင်နေသည်။

‘‘ရင်တော့ခုန်ပါတယ်။ သို့ သော် သတိနဲ့ပဲ ခုန်ပါတယ်။ ဒါမျိုး ကလည်း ပွဲခင်းထဲရောက်ပြီး ကိုယ့်နာမည်ကြေညာမှ သေချာတဲ့ကိစ္စ ကိုး။ အဲဒီတော့ သိပ်မျှော်လင့်ထား ရင် အကျနာတတ်တယ်လေ။ သတိလေးနဲ့ပဲ ရင်ခုန်ပါတယ်။ ရသော်ရှိ၊ မရသော်ရှိ ပရိသတ်က ဒီလိုအသိအမှတ်ပြုပေးတာ ကျွန် တော့်အတွက် တစ်အားပါပဲ။ ဆုလာဘ်တစ်ခုလိုပါပဲ’’ဟု ‘ချစ် လှစွာသောအမုန်း’ ဇာတ်ကားဖြင့် ဇာတ်ပို့ဆုရရှိရန် ရေပန်းစားနေသည့် ဇင်ဝိုင်းက ပြောသည်။

လူမင်းက ၂၀၁၆ အကယ်ဒမီ ဆုပေးပွဲအခမ်းအနားတွင် သရုပ် ဆောင်ဆုထက် ဒါရိုက်တာဆုကို ရချင်ကြောင်း ပြောကြားထား သည်။ဒါရိုက်တာဆုတွင် ‘အုတ် ကြားမြက်ပေါက်’ဇာတ်ကားဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှာ ဆုရရှိနိုင်သည်ဟု ခန့် မှန်းနေကြသည်။

‘‘အနူးဘစ်ကို ပိုအားရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ခဲ့ တယ်။ ပရိုဂျူဆာဘက်ကလည်း ပုံမှန်ကားထက် နှစ်ကားစာအကုန် အကျခံရိုက်တယ်။ ကိုယ့်ဘက်က လည်း အဲဒီအချိန်က တတ်စွမ်း သရွေ့ လက်ကုန် ရိုက်ခဲ့တာပဲ။ ဒါရိုက်တာအနေနဲ့လည်း အားရ တယ်။ ပြီးတော့ အဲဒီကားက စလယ်ဆုံး မြန်မာပညာရှင်တွေနဲ့ ပဲ လုပ်ထားတာ။ ကွန်ပျူတာ Effect, Song Design, Post Production ကအစ ပြည်တွင်း ပညာရှင်လူငယ်တွေနဲ့ပဲ လုပ်ထား တာ။ ပြည်တွင်းဖြစ်စစ်စစ်ပေါ့။ အများကြီးလည်း ကြိုးစားထား တော့ ဇာတ်ကားဆုလည်း ရစေ ချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း လိုချင်တယ်’’ဟု လူမင်းက ၎င်း၏ အကယ်ဒမီရင်ခုန်သံကို ပြောကြားသည်။ အကယ်ဒမီနှင့် ပတ်သက်လျှင် မရသေးသည့် သူများကို ရစေချင်ကြောင်း ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားတွင် မင်းသားများနှင့် အပြိုင် သရုပ်ဆောင်ထားသည့် သင်ဇာဝင့်ကျော်က ပြောသည်။

‘‘အမျိုးသားသရုပ်ဆောင် တွေထဲက ဦးကျော်သူ၊ ထွန်းထွန်း၊ မြင့်မြတ်၊ နေမင်း ကြားတယ်။ အမျိုးသမီးတွေထဲက အေးမြတ် သူ၊ ပိုင်ဖြိုးသု သူတို့တွေရမယ် ကြားတယ်။ သင်ဇာကတော့ မရ သေးတဲ့သူတွေကို ပိုပြီးရစေချင် တယ်။ ကိုယ်ချင်းစာတယ်လေ။ မရသေးတဲ့လူတွေ ဘယ်လောက် ထိ လိုချင်ကြတယ်ဆိုတာ၊ ကိုယ် တိုင်လည်း ရင်ခုန်တယ်။ ရရင်ယူ မှာပေါ့။ မရရင်လည်း ရတဲ့သူတွေ ကို လက်ခုပ်တီးပေးမှာပေါ့။ နောက်နှစ်ပိုကြိုးစားရမှာပေါ့။
မုဒိတာပွားပြီး ဒီပွဲကို တက်ဖို့စီစဉ် ထားပါတယ်’’ဟု သင်ဇာဝင့်ကျော် က ပြောသည်။

အကယ်ဒမီ၏ ထုံးစံအတိုင်း ဆုရရှိမည်ဟု ရေပန်းစားသော် လည်း လွဲချော်မှုများရှိနိုင်သော ကြောင့် ရွှေတိဂုံစေတီတော်ရှေ့ တွင် အကယ်ဒမီရုပ်တုများကို ကိုင် မြှောက်ခွင့်ရရှိမည့် ထူးချွန်ဆုရှင် များမှာ မတ်လ ၁၈ ရက်ည၌ အ ဖြေထွက်လာတော့မှာဖြစ်သည်။

7Day News Journal

No comments:

Post a Comment