Latest News

Monday, March 6, 2017

အသစ်ခွင့်ပြုမည့် ရုပ်သံလိုင်းများ ယခုလကုန် ထုတ်ပြန်မည်

အသစ်ခွင့်ပြုမည့် ရုပ်သံလိုင်းများ ယခုလကုန် ထုတ်ပြန်မည်

ရန်ကုန်၊ မတ် ၆

ပဏာမအဆင့် ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုထဲမှ အသစ်ခွင့်ပြုမည့် ရုပ်သံလိုင်း ငါးလိုင်းအတွက် တင်ဒါအောင်မြင်မည့် ကုမ္ပဏီငါးခုကို ယခုလကုန် (မတ်လ)တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရုပ်သံလိုင်းများ ရွေးချယ်ခြင်းအတွက် အကြံပေး ကုမ္ပဏီအဖြစ် လုပ်ကိုင်နေသော ထွန်းအုပ်စုကုမ္ပဏီထံမှ သိရသည်။

လတ်တလောတွင် ယင်းပဏာမအဆင့် ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုကို လိုအပ်သည့် အချက်အလက်များ ပြန်လည် တောင်းခံခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး ယခုလကုန်ပိုင်းတွင် အပြီးသတ် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးချစ်ထွန်းဖေက ပြောကြားသည်။

“ကျွန်တော်တို့ ရွေးချယ်မှု နောက်ဆုံးအဆင့်ကို အခု မတ်လကုန်ပိုင်းလောက် ဖြစ်မယ်။ ဒီထက်ကျော် ဧပြီလဆန်းပိုင်းမှာတော့ ထုတ်ပြန်မယ်”ဟု ၎င်းကဆိုသည်။

ယခုအခါ အစိုးရပိုင် ရုပ်သံလိုင်းတစ်ခုဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ ဒစ်ဂျစ်တယ် အခမဲ့ ရုပ်သံလိုင်း (Free to air) ချန်နယ်ငါးခုအတွက် Content Provider အဖြစ် လုပ်ကိုင်လိုသည့် တင်ပြလာသော ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၁၀ ခုကို ပဏာမအဆင့်အဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများမှာ Eleven Media Group, Mizzima Media ကုမ္ပဏီ၊ DVB Multi Media ကုမ္ပဏီ၊ Bo Bo Entertainment Myanmar Group, Tikhina ကုမ္ပဏီ၊ VOIP Myanmar Group (VMG), Global Technology ကုမ္ပဏီ၊ Fortune International ကုမ္ပဏီ၊ Kaung Myanmar Aung ကုမ္ပဏီ၊ Young Investment Group ကုမ္ပဏီ တို့ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ရုပ်သံလိုင်း ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီ (Sky Net) နှင့် Forever Group ကုမ္ပဏီ (MRTV 4) တို့က လုပ်ကိုင်လျက် ရှိသည်။

The Voice

No comments:

Post a Comment