Latest News

Saturday, March 4, 2017

စားသောက်ကုန်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ မပါရှိပါက ဧပြီမှစ၍ စိစစ်အရေးယူမည်

စားသောက်ကုန်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ မပါရှိပါက ဧပြီမှစ၍ စိစစ်အရေးယူမည်



ပြည်တွင်းထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ မပါရှိပါက လာမည့်ဧပြီလမှစ၍ ဥပဒေအရ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်းတည်နေရာလိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်အပတ်စဉ် အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း၊ အစားအသောက် ထုတ်လုပ်သူများ အနေဖြင့် မိမိတို့ထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် အထက်ပါ အချက်အလက်များကို ၂၀၁၇ ခုနှစ် မတ်လအကုန်တွင် နောက်ဆုံးထား၍ ထည့်သွင်းဖော်ပြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၁၀၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်အတွင်း ရောက်ရှိနေသော အန္တရာယ်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ်သွားရန်ရှိပြီး အသိပညာပေး လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာအရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အစားအသောက်များတွင် မသမာသော နည်းလမ်းများ အသုံးပြုနေသည်ကို သိရှိပါက ဥပဒေအရ တားဆီးအရေးယူနိုင်သည့် အဖွဲ့အစည်းများ အားလုံးသို့ သတင်းပေး တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြီးမှူး၍ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဟောပြောပွဲနှင့် လူထုပညာပေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ရန်ကုန်မြို့ Myanmar Convention Center (MCC) တွင် ကျင်းပခဲ့သည်။

ပြပွဲကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အများပြည်သူသိရှိပြီး ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန်၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို အများပြည်သူ သိရှိနားလည်စေရန်နှင့် ဗဟုသုတများ ရရှိစေရန်၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ၏ သိရှိနားလည်မှု မြင့်တက်လာစေရန်နှင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်၊ ပြပွဲနှင့်အတူ ကျင်းပမည့် အသိပညာပေးပွဲ၊ လူထုဟောပြောပွဲများမှတစ်ဆင့် ကျန်းမာဖွံ့ဖြိုးသော လူမှုဝန်းကျင်ဖြစ်လာစေရန်၊ သက်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံ၍ နည်းစနစ်များ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အိသဉ္ဇာကျော်

Eleven Media Group

No comments:

Post a Comment