Latest News

Saturday, March 4, 2017

တရားမ၀င် ရွှေ့ပြောင်း အခြေချမှုများကို ဖြေရှင်းရန် ဂျာမနီနှင့် တူနီးရှားတို့ သဘောတူညီမှုရရှိ

တရားမ၀င် ရွှေ့ပြောင်း အခြေချမှုများကို ဖြေရှင်းရန် ဂျာမနီနှင့် တူနီးရှားတို့ သဘောတူညီမှုရရှိ


ဘာလင်တွင် ခရစ္စမတ်ဈေးတန်းအား အကြမ်းဖက် တိုက်ခိုက်မှုတွင် တရားခံသည် တူနီးရှားတစ်ဦးဟု မသင်္ကာဖြစ်ခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာနေစဉ် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်သည် တူနီးရှားနှင့် တရားမ၀င် ရွှေ့ပြောင်း အခြေချမှု ဖြေရှင်းရေး သဘောတူညီချက်ကို မတ် ၃ ရက်က ကြေညာခဲ့သည်။

မြောက်အာဖရိကနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သော ဂျာမနီခေါင်းဆောင်သည် ၂၀၁၅ ခုနှစ်မှစပြီး ရွှေ့ပြောင်းအခြေချသူ တစ်သန်းကျော်ကို လက်ခံခဲ့ပြီးနောက် ဂျာမနီတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းသူများအား လျှော့ချရန် ဖိအားပေးမှုနှင့် ကြုံနေရသည်။ တူနီးရှားများအတွက် လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ပေးရန်နှင့် ခိုလှုံခွင့်ရရန် ကြိုးပမ်းမှု ပယ်ချခံရသူများအား အလျင်အမြန် နေရပ်ပြန်ပို့ရေးအတွက် ဂျာမနီနှင့် တူနီးရှားတို့ သဘောတူညီခဲ့ကြောင်း မာကယ်က ပြောကြားခဲ့သည်။

စက်တင်ဘာတွင် ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရမည့် မာကယ်က မြောက်အာဖရိကနိုင်ငံများ အနေဖြင့် နယ်စပ်ထိန်းချုပ်ရေးကို အရှိန်မြှင့်တင်ရန်နှင့် ခိုလှုံခွင့်ရရန် လျှောက်ထားမှုများ ပယ်ချခံရသည့် ရွှေ့ပြောင်းအခြေချများအား လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်ရန် တိုက်တွန်းခဲ့သည်။

တူနီးရှား၏ ဗျူရိုကရေစီ ကြန့်ကြာမှုများကြောင့် ဘာလင်ခရစ္စမတ် ဈေးတိုက်ခိုက်မှုတွင် မသင်္ကာသူ အာနစ်အန်မရီကို လွှဲပြောင်းပေးနိုင်ခဲ့ခြင်း မရှိကြောင်း ဂျာမနီက ပြောကြားထားသည်။ အန်မရီသည် ခိုလှုံခွင့် လျှောက်ထားမှု ပယ်ချခံရပြီးနောက် ခြောက်လကြာသည့် တိုင်အောင် ဂျာမနီတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

တူနီးရှားခိုလှုံခွင့် ကြိုးပမ်းသူများနှင့် ပတ်သက်၍ ဂျာမနီက တောင်းဆိုမှုများကို ရက် ၃၀ အတွင်း သတ်မှတ်ဖော်ထုတ်ပေးရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း မာကယ်က ပြောကြားခဲ့သည်။ ၂၀၁၆ နှစ်သစ်ကူး အကြိုညက ကိုလုံးမြို့တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သူ အများစုသည် မြောက်အာဖရိက အမျိုးသားများဖြစ်ကြောင်း စွပ်စွဲခံရပြီးနောက် ဂျာမနီတွင် ရွှေ့ပြောင်း အခြေချများကို မကျေနပ်မှုများ မြင့်တက်နေပြီဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တော်လှန်မှု ဖြစ်ပွားခဲ့ပြီးနောက် တူနီးရှားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်သော ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲများကို ကျင်းပပေးခဲ့သည်။ သို့သော်လည်း တူနီးရှားသည် အလုပ်လက်မဲ့ မြင့်မားမှု၊ လူမှုရေးတင်းမာမှုများ ကြုံနေရပြီး ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။

တူနီးရှားပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သော မာကယ်က တူနီးရှားကို ဖွံ့ဖြိုးရေး အကူအညီအနေဖြင့် ဒေါ်လာ ၂၆၄ သန်း ကူညီမည်ဟု ကြေညာခဲ့သည်။

တူနီးရှားသည် ဥရောပအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ဖြစ်ပြီး ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများနှင့် ဒီမိုကရေစီသို့ ခက်ခဲစွာ သွားနေခဲ့သော တူနီးရှား၏ စီမံခန့်ခွဲမှုများကို မာကယ်က ချီးကျူးခဲ့သည်။ တူနီးရှားသည် နုနယ်သော ဒီမိုကရေစီ နိုင်ငံဖြစ်ပြီး တူနီးရှားကို အပြည့်အ၀ ကူညီသွားမည်ဖြစ်ကြောင်း မာကယ်က ပြောကြားခဲ့သည်။

မာကယ်သည် နှစ်ရက်ကြာမြောက် အာဖရိက ခရီးစဉ်တွင် အီဂျစ်၌ တစ်ထောက်နားခဲ့သည်။ မာကယ်သည် ပြီးခဲ့သည့် သီတင်းပတ်က အယ်ဂျီးရီးယားသို့ သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း အယ်ဂျီးရီးယားသမ္မတ နာမကျန်းဖြစ်ခဲ့ပြီးနောက်  ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ မာကယ်သည် ပြီးခဲ့သည့်နှစ်က မာလီ၊ နိုင်ဂျာနှင့် အီသီယိုးပီးယားသို့ သွားခဲ့ပြီး သူ၏ မြောက်အာဖရိက ခရီးစဉ်များက ကျယ်ပြန့်သော သံတမန် ခရီးစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဂျီ - ၂၀ ၏ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ယခုနှစ်တွင် ရယူထားသော ဂျာမနီက အာဖရိကတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် နိုင်ငံစွန့်ခွာမှုများ ဟန့်တားရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။                      


Ref-AFP

Eleven Media Group

No comments:

Post a Comment