Latest News

Thursday, March 30, 2017

မန္တလေး မဟာမုနိဘုရားကြီးတွင် ရွှေမိုက်ထုတ်ခြင်းမှ မကျွတ်ရွှေ(၇)ပိဿာကျော်ရရှိ

မန္တလေး မဟာမုနိဘုရားကြီးတွင် ရွှေမိုက်ထုတ်ခြင်းမှ မကျွတ်ရွှေ(၇)ပိဿာကျော်ရရှိ

မန္တလေး၊ မတ် (၃၀) ရက်။

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးတွင် ရွှေမိုက်ထုတ်ခြင်းဆောင်ရွက်ရာ မသန့်စင်ရသေးသည့် မကျွတ်ရွှေ (၇) ပိဿာကျော် ရရှိခဲ့ပြီး ရွှေလှော်သန့်စင်ခြင်း ဆက်လက်ပြုလုပ်သွားရမည်ဖြစ်ကြောင်း မိုက်သူကြီး ဦးအောင်မိုးထံမှ သိရှိရသည်။

ရွှေမိုက်ထုတ်ခြင်းကို မတ် ၂၉ ရက်တွင် အပြီးသတ်ဆောင်ရွက်ရာ ယင်းနေ့ညနေ(၄)နာရီ အထိ မကျွတ်ရွှေ အဆင့်ရှိ ရွှေအလေးချိန် (၇)ပိဿာ၊ (၄၆)ကျပ်သား၊ (၂)ရွေးရရှိပြီဖြစ်ရာ ရွှေလှော်သန့်စင်ပြီးပါက ရွှေမိုက်ထုတ်လုပ်ငန်း ပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။

“မကျွတ်ရွှေကို လှော်တဲ့အဆင့်ပြီးရင် သန့်စင်တဲ့ ရွှေချောင်းတွေရပြီ။ ဘုရားကြီးမှာဒီလိုပမာဏမျိုး ရွှေမိုက်ထုတ် ရဖို့ တစ်လခွဲလောက်ကြာတယ်။ အသေးစိတ်အဆင့်တိုင်းမှာ မမှားယွင်းအောင် အချိန်ပေးပြီးလုပ်ရတာ။ အဂ္ဂိ ရတ်ပညာကလာတယ်။ ကျွန်တော်တို့ မျိုးရိုးအစဉ်အဆက်ပညာလည်းဖြစ်တယ်။”ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

ရွှေမိုက်ထုတ်ခြင်းကို  ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့ရာ မတ် ၂၉ ရက်အထိ  ရက်ပေါင်း(၅၀)ကျော် ကြာမြင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်က (၆၆)ကြိမ်မြောက် ရွှေမိုက်ထုတ်ရာတွင် အပြီးသတ်သန့်စင်ပြီးသည့် ရွှေအလေးချိန် (၇)ပိဿာ(၂၄)ကျပ်သားရရှိခဲ့ကြောင်း သိရသည်။

အဂ္ဂိရတ်ပညာအခေါ် မကျွတ်ရွှေဆိုသည်မှာ ခဲအငွေ့သက်များကျန်ရှိနေသေးသော မီးလင်းရွှေဖြစ်ကာ လုံးဝ သန့်စင်သောမီးလင်းရွှေရရှိရန် ရွှေလှော်သည့်အဆင့်ကို နောက်ဆုံးလုပ်ဆောင်ရမည်ဖြစ်ပြီး ရွှေလှောင်စက္ကူ များနှင့် မဟာမုနိအတွင်းတော်မှ ကော်ဇော၊ ဂွမ်းဖိလုံး၊ သစ်စေးလုံးများမှ ရွှေမိုက်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို Recycle အကြိမ်ကြမ်ပြုလုပ်သန့်စင်ရာမှ နောက်ဆုံးတွင် ရွှေပါသောခဲပြားများရရှိပြီး မီးအပူခံနိုင် သည့်လုံအိုးတွင်း (၃)နာရီခန့်ကျိုရာမှ ဗွက်ဟုခေါ်သော မကောင်းသည့်အညစ်အကြေးများ ထွက်လာ၍ ရွှေအ ဆင့်ရရှိလာကာ မကျွတ်ရွှေတွင် ခဲအငွေ့အသက်အချို့ကျန်ရှိနေသဖြင့် လုံးဝသန့်စင်အောင် ရွှေလှော်အဆင့်ကို ဆက်လက်ဆောင်ရွက်ရာမှ လုံးဝသန့်စင်သည့်မီးလင်းရွှေရရှိကြောင်း သိရသည်။

ကျော်မျိုးထွဋ် (မြစ်မခ)

No comments:

Post a Comment