Latest News

Tuesday, March 14, 2017

တရုတ် ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်လှေကား ပြုတ်ကျမှုကြောင့် ၁၇ ဦးသေဆုံး

တရုတ် ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်လှေကား ပြုတ်ကျမှုကြောင့် ၁၇ ဦးသေဆုံး



တရုတ် ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် ဓာတ်လှေကား ပြုတ်ကျရာမှ မိုင်းတွင်းလုပ်သား ၁၇ ဦး သေဆုံးသွားကြောင်း သိရသည်။

ယခုမတော်တဆမှုသည် လုံခြုံရေး ကဏ္ဍနှင့် ပတ်သက်၍ နာမည်ဆိုး ထွက်နေသော တရုတ် မိုင်းတွင်း လုပ်ငန်းခွင်တွင် နောက်ဆုံး ပေါ်ပေါက်လာသည့် ပြဿနာလည်း ဖြစ်သည်။ အဆိုပါ ဓာတ်လှေကား ပြုတ်ကျမှုသည် မတ် ၉ ရက်က ဖြစ်ပွားခဲ့ခြင်းဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

မိုင်းတွင်းထဲ ဆင်းသက်သည့် ဓာတ်လှေကားကို ဆက်သွယ်ထားသော ကေဘယ်လ်ကြိုးတစ်ချောင်း မီးလောင်ရာမှ နောက်ဆက်တွဲ ယခုလို ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာခြင်းဟု ဆိုသည်။ အဆိုပါ ဖြစ်ရပ်သည် တရုတ် အရှေ့မြောက်ပိုင်း ဟီလောင်ဂျင်းအရပ်ရှိ အစိုးရပိုင် မိုင်းတွင်းတစ်ခုတွင် ပေါ်ပေါက်ခဲ့ခြင်းဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ဖြစ်ရပ်နှင့် ဆက်စပ်ပြီး မိုင်းတွင်းတွင် ဂဟေဆော်နေသည့် လုပ်သားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် လုံခြုံရေး စံနှုန်းများကို ဆိုးရွားစွာ ဖောက်ဖျက်ခဲ့သည်ဟု စွပ်စွဲခံရပြီး ကေဘယ်လ်ကြိုး မီးလောင်မှုသည် ထိုသူနှစ်ဦး၏ ပေါ့လျော့မှုကြောင့် အစပြုခဲ့ခြင်းဟု ဆိုသည်။

မိုင်းတွင်း၏ တာဝန်ခံ မန်နေဂျာကိုလည်း ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း ဒေသခံ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ကျောက်မီးသွေး မိုင်းတွင်းများတွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ချုံကင်းရှိ ကျောက်မီးသွေးတွင်း တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ လုပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာလကလည်း မိုင်းတွင်း မတော်တဆမှု တစ်ခုကြောင့် နင်းရှားဒေသတွင် လူပေါင်း ၁၈ ဦး အသက်ဆုံးရှုံးခဲ့ဖူးသည်။

Ref: AFP



7Day News Journal

No comments:

Post a Comment