Latest News

Sunday, March 26, 2017

နတ်မြစ်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းမိ

နတ်မြစ်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းမိ

တပ်မတော်ရေက နတ်မြစ်ထဲမှာ မသင်္ကာဖွယ် လှေတစီးကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာကနေ စိတ်ကြွဆေးပြား ၁၈၀၀၀၀ လောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် နတ်မြစ်ထဲမှာ လုံခြုံရေး တိုက်ကင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂၅ ရက် ည ၁၁ နာရီက ဦးစောလှကျွန်းအနီးမှာ မသင်္ကာစရာ လှုပ်ရှားမှုကို တွေ့တဲ့အတွက် မီးအချက်ပြခေါ်ယူခဲ့ပေမယ့် မလာရောက်ဘဲ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်ရေက လိုက်လံပစ်ခတ် ဖမ်းဆီးရာ ဦးစောလှကျွန်းကမ်းစပ် ဒီရေတောထဲမှာ လှေကို ကမ်းမှာကပ်ထားခဲ့ပြီး လူတွေကတော့ ထွက်ပြေးသွားခဲ့ပါတယ်။

ကမ်းစပ်မှာ အလျား ပေ ၂ဝ၊ အနံ ၃ ပေရှိတဲ့ လက်ခတ်လှေကို တွေ့ရှိရပြီး အဲဒီလှေပေါ်မှာ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ အထုပ် ၁ ထုပ်တွေ့ပြီး ဖွင့်ဖောက်စစ်ဆေးတဲ့အခါ WY စာတန်းပါ စိတ်ကြွဆေးပြား တစ်သိန်းရှစ်သောင်းကို တွေ့ရှိဖမ်းမိခဲ့ပေမယ့် သယ်ဆောင်သူတွေကတော့ ဒီရေတောကနေ ကမ်းပေါ်တက်ပြေးသွားခဲ့ပါတယ်။

ညအချိန်ဖြစ်ပြီး ဒီရေတောနက်တဲ့အတွက် သယ်ဆောင်သူတွေကို ရှာဖွေမတွေ့ရဘဲ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

မောင်တောမြို့နယ်ထဲမှာ ညနက်ပိုင်းအချိန် လက်ခတ်လှေတွေနဲ့ နတ်မြစ်ထဲကနေ စိတ်ကြွဆေးပြား သယ်ယူပို့ဆောင်တာတွေ ရှိနေပြီး မကြာခဏဖမ်းဆီးရမိတာတွေလည်း ရှိနေတာပါ။

မတ်လ ၁၉ ရက်နဲ့ ၂ဝ ရက်နေ့ ညသန်းခေါင်ကျော် အချိန်တွေမှာလည်း မူးယစ်ဆေးဝါး သယ်ဆောင်တဲ့လှေတွေကို ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သယ်ဆောင်သူ ၄ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ဆီက သိရှိရပါတယ်။( DVB )

No comments:

Post a Comment