Latest News

Sunday, March 19, 2017

ကိုဆွေဝင်းကို ခြိမ်းခြောက်သည်ဟု ဆိုသော အမျိုးသားတစ်ဦး ရဲစခန်းသို့ လာရောက်စစ်ဆေးခံ

ကိုဆွေဝင်းကို ခြိမ်းခြောက်သည်ဟု ဆိုသော အမျိုးသားတစ်ဦး ရဲစခန်းသို့ လာရောက်စစ်ဆေးခံ



Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ခြိမ်းခြောက်ရန်ပြုရန် ကြံစည်ခဲ့သည်ဟု ဆိုသော အမျိုးသားသုံးဦးမှ ကိုထွန်းထွန်းဇော် ဆိုသူသည် မတ်လ ၁၈ ရက်နေ့က ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့သည့် ကိုထွန်းထွန်းဇော် အပါအဝင် အမျိုးသားသုံးဦးမှာ မတ်လ ၁၄ ရက် ညပိုင်းက ဘီယာအတူသောက်ပြီး ဆိုင်မှ ထွက်လာစဉ် မြောင်းမြလမ်းထိပ်အရောက် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ “ဟေ့ကောင် မင်းဆွေဝင်း မဟုတ်လား” ကျန်အမျိုးသားတစ်ဦးက “ဒါငါ့အစ်ကိုပဲကွ၊ ငါ့အစ်ကိုက မေးနေတာ၊ မင်းဆွေဝင်း မဟုတ်ရင် သွားလိုက်” ဟု လက်သီးလက်မောင်းတမ်းကာ ပြောဆိုရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စမ်းချောင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရာမှ လာရောက်အစစ်ဆေးခံခဲ့ခြင်း ဖြစ်ကြောင်း စမ်ချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူကိုယ်တိုင်လာရောက် အစစ်ဆေးခံခဲ့တာပါ၊ ကျန်တဲ့နှစ်ယောက်က ဘယ်မှာနေတယ်ဆိုတာ သူလဲ မသိဘူး၊ အဲဒီနေ့ကလည်း ကိုဆွေဝင်းကို မမြင်ဘူးဘဲ နာမည်ပဲသိနေလို့ မိတ်ဆွေဖွဲ့ချင်တာနဲ့ ပြောလိုက်တာလို့ ထွက်ဆိုထားတယ်” ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့သည့် ကိုထွန်းထွန်းဇော်မှာ စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်၊ ဖျာပုံလမ်းတွင် နေထိုင်သူဖြစ်ပြီး ကျန်အမျိုးသားနှစ်ဦးနှင့် အခမ်းအနားပွဲတစ်ခုတွင် တွေ့ဆုံရာမှ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ယင်းအမျိုးသားနှစ်ဦး၏ နေရပ်လိပ်စာကို သိရှိနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကို ခင်လို့နှုတ်ဆက်တယ်ဆိုရင် ကျွန်တော်လည်း ခင်ခင်မင်မင်နဲ့ ပြန်နှုတ်ဆက်မှာပါ၊ အခုဟာက ခရီးသွားလာရင်းနဲ့ ဖြစ်သွားတဲ့ကိစ္စ မဟုတ်ဘူး၊ အဲဒီနေ့က ဖြစ်စဉ်ဆိုရင် သူတို့က ကျွန်တော်မှန်း သဲသဲကွဲကွဲမသိရလို့ ဘာမှမဖြစ်တာ၊ ဒီလိုအဖြစ်မျိုး မြန်မာပြည်အနှံ့ ဘယ်နေရာပဲရောက်ရောက် တွေ့ကြုံရနိုင်တယ်၊ အဲဒါကြောင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်” ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားသည်။

ယင်းနေ့က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေအိမ် ညစာစားပွဲက နေအိမ်သို့ ပြန်လာခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက် ၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ရာဇဝတ်အမှုကြီး အမှတ် ၈၁/၂၁၀၇ ဖြင့် လက်ခံဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ (၁) အရ စုံစမ်းဆေးပေးရန် စမ်းချောင်းမြို့မ ရဲစခန်းသို့ ညွှန်ကြားချက် အမိန့်ချရာမှ ကိုထွန်းထွန်းဇော်ကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းထံမှ သိရသည်။



The Voice

No comments:

Post a Comment