Latest News

Sunday, March 19, 2017

ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ

ဝန်ကြီးချုပ်ကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကို လုပ်ကြံရန် ကြံစည်မှု တစ်ခုကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မတ် ၁၉ ရက် ကြေညာချက်၌ ရဲတပ်ဖွဲ့သည် ရှပ်နီ နိုင်ငံရေး အင်အားစုများ ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော လက်နက်တိုက် တစ်ခုကို စီးနင်း သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ရှပ်နီများသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို ထောက်ခံသည့် နိုင်ငံရေး အုပ်စု ဖြစ်သည်။

အဆိုပါ လက်နက်များကို မတ် ၁၈ ရက်က သိမ်းဆည်းရမိခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ကို လုပ်ကြံရန် ရည်ရွယ် သိုမှီးထားသည်ဟု အလေးအနက် ယုံကြည်ရကြောင်း ရဲများက ဆိုသည်။ လက်နက်များကို ရှပ်နီ ခေါင်းဆောင် ဝူသီပွန် ကိုချတ်သိမ်ကွန် ပိုင်ဆိုင်သည့် နေအိမ်တစ်လုံးထဲတွင် လျှို့ဝှက် သိမ်းဆည်းထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဝူသီပွန်သည် ပယာရွတ်သ် ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက တိမ်းရှောင် ထွက်ပြေးလျက်ရှိသည်။

ရဲများက အဆိုပါ လက်နက်တိုက်နေရာကို စီးနင်း တွေ့ရှိမှုနှင့် ဆက်စပ်၍ လူ ၉ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဝန်ကြီးချုပ်ကို လုပ်ကြံမှုအပြင် နိုင်ငံတဝန်း၌ ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကွန်ရက်များ ဖြန့်ကျက် လှုပ်ရှားမည့် အထောက်အထားများပါ ရှာတွေ့ထားကြောင်းလည်း သိရသည်။

“ဖမ်းမိတဲ့ထဲမှာ မှန်ပြောင်းတပ် ရိုင်ဖယ်တစ်လက် ပါတယ်ဗျ။ သေချာတာကတော့ ဒီလို သေနတ်မျိုးက ငှက်ပစ်ဖို့ မဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်ကို လုပ်ကြံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါလိမ့်မယ်”ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဂျက်သစ်ပ် ချိုင်ဂျင်ဒါက မတ် ၁၉ ရက် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

ပယာရွတ်သ်သည် ၂၀၁၄ ခုနှစ် အာဏသိမ်းမှုတွင် ထိုင်းစစ်တပ်၏ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ထိုင်းစစ်တပ်သည် သက်ဆင်ကို ထောက်ခံသူများ ပိုင်ဆိုင်သည်ဟု စွပ်စွဲဖော်ပြထားသည့် လက်နက်များ ရှာဖွေတွေ့ရှိကြောင်း သတင်းများကို ယခင်ကလည်း ထုတ်ပြန်ခဲ့ဖူးသည်။

Ref: CNA

7Day News Journal

No comments:

Post a Comment