Latest News

Tuesday, March 14, 2017

ဒေါက်တာသိန်းဝင်းနှင့် တွေ့ဆုံခြင်း

ဒေါက်တာသိန်းဝင်းနှင့် တွေ့ဆုံခြင်း


ဆယ်တန်း သင်္ချာမေးခွန်းပါ မေးခွန်းပုစ္ဆာအချို့ မှားသည်၊ မှန်သည်၊ မေးခွန်းပေးထားချက် မပြည့်စုံ စသည်ဖြင့် ပညာရေး အသိုင်းအဝိုင်း၊ ကျောင်းသားများနှင့် ကျောင်းသား မိဘများကြား ငြင်းခုံလျက် ရှိသည်။ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ သင်္ချာ မေးခွန်းထုတ်ရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အနေနှင့် သေသေချာချာ စစ်ဆေးမှုမလုပ်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။ သို့သော် ယင်းသို့ ငြင်းခုံ၊ ဝေဖန်နေသော်လည်း အစိုးရဘက်က မှားသည်၊ မှန်သည်၊ လိုအပ်ချက်ရှိသည်စသည့် အခြေအနေများကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ မေးခွန်း အမှား၊ အမှန် အငြင်းပွားနေသည့် ပုစ္ဆာများအတွက် စုစုပေါင်းပေးမှတ် ၂၄ မှတ်ဖိုး ပါဝင်နေသည်။ မိဘ၊ ဆရာ၊ ကျောင်းသားများ သို့လော၊ သို့လောဖြင့် စိတ်ပူနေကြသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ စာဖတ်ပရိသတ် သိရှိနိုင်စေရန် ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စ တာဝန်ရှိပြီး ဖြေကြားနိုင်မည့် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းထံ ဆက်သွယ် မေးမြန်းရန် အကြံပြုသည်။ ဒေါက်တာသိန်းဝင်းထံ The Voice က မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

Voice : မတ်လ ၁၀ ရက်က ဖြေဆိုခဲ့တဲ့ သင်္ချာမေးခွန်းမှာ ပုစ္ဆာအချို့က မှားနေတယ်၊ မေးခွန်းမေးတာ မပြည့်စုံဘူး စသဖြင့် ပညာရေးအသိုင်းအဝိုင်းက  ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီတော့ မေးခွန်းမှားတာလား၊ မှန်တာလား။ လိုအပ်ချက် တစ်ခုခုရှိတာလားရှင့်။
Dr. TW : အဲဒါ အတည်ပြုလို့ မရသေးဘူး။

Voice : ဟုတ်ကဲ့။ ဘယ်တော့လောက် အတည်ပြုလို့ရပြီး ထုတ်ပြန်ပေးဖို့ ရှိမလဲ။
Dr. TW : ဒီမေးခွန်း မှားတယ်၊ မှန်တယ်ဆိုတာက ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ဆီမှာ စာစစ်ဌာန ဆယ်ခုရှိတယ်။ ဒီမေးခွန်းတွေသည်  အဲဒီစာစစ်ဌာန ၁၀ ခုရဲ့ တက္ကသိုလ်က ဘာသာရပ် ပါမောက္ခဌာနမှူးတွေ ထုတ်တဲ့ မေးခွန်းတွေပါ။ အခု စာမေးပွဲ စစ်နေတဲ့အတွက် ဘယ်သူ့မေးခွန်းဆိုတာကို  ကျွန်တော်တို့ ခုချိန်မှာ Define လုပ်လို့ မရသေးဘူး။ လျှို့ဝှက်စနစ်နဲ့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာမှ လုပ်လို့မရသေးဘူး။

Voice : ဒါဆိုရင် မေးခွန်း မှားတာလား၊ မှန် တာလား၊ လိုအပ်ချက် ရှိနေတာလား ဆိုတာကို ဘယ်တော့လောက် သိရမှာလဲရှင့်။
Dr. TW : ဒီစာမေးပွဲတွေ ပြီးသွားရင် သင်္ချာတစ်ခုတည်း မဟုတ်ပါဘူး။ ဘာသာရပ် အားလုံးကို မေးခွန်းထုတ်တဲ့ စာစစ်ဌာနက ပါမောက္ခတွေက အမှတ်ပေးစည်းမျဉ်း Marking Scale ဆွဲလိမ့်မယ်။ ဆွဲတဲ့အခါကျမှ ဒီမေးခွန်း မှားသည်၊ မှန်သည်ကို အများဆန္ဒနဲ့ ဆုံးဖြတ်တာ။ ခါတိုင်းနှစ်လည်း ဒီလိုပဲလုပ်တာ။

Voice : တကယ်လို့ မှားခဲ့တယ်ဆိုရင် ဒီပုစ္ဆာဖြေဆိုခဲ့တဲ့ ကျောင်းသားတွေအတွက် ဘယ်လို ဆောင်ရွက်ပေးဖို့ ရှိမလဲ။
Dr. TW : တကယ်လို့ မှားခဲ့တယ်၊ ပုစ္ဆာက Error ဖြစ်ခဲ့တယ်ဆိုရင်လည်း ဖြေဆိုသူ မနစ်နာအောင် ဆိုပြီးတော့ စာစစ်မှူးချုပ် ပါမောက္ခတွေက အမှတ်ပေး စည်းမျဉ်း ရေးဆွဲကြလိမ့်မယ်။ ပါမောက္ခတွေက အတည်ပြုပြီးမှ ကျွန်တော်တို့ ပြောလို့ရမှာပါ။

Voice : ဒါဆိုရင် စာမေးပွဲပြီးမှ ထုတ်ပြန်ပေးမယ် ဆိုတဲ့သဘောလား။
Dr. TW : ခုလို စာမေးပွဲဖြေနေချိန်မှာ ဒီမေးခွန်း မှားမှန်ကို သွားအဖြေထုတ်လိုက်ရင် ဖြေဆိုတဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ ဒုက္ခရောက်ကုန်လိမ့်မယ်။

Voice : ထွက်လာတဲ့မေးခွန်း မှားတယ် မှန်တယ်ကိုရော ဆရာ့အနေနဲ့ သိရှိပြီးပြီလား ဆရာ။
Dr. TW : ကျွန်တော်က သင်္ချာဘာသာရပ် မဟုတ်ဘူး။ သင်္ချာဘာသာ ဆရာ ဆရာမတွေကိုမေးရင်တော့ သိကောင်း သိမယ်။ ကျွန်တော်ကတော့ မသိနိုင်ဘူး။

Voice : မေးခွန်းထုတ်တဲ့သူဆီက မေးခွန်းကို ကလေးတွေ မဖြေဆိုခင်မှာ စစ်ဆေးတာမျိုး ရှိပါသလား။
Dr. TW : စစ်ဆေးလို့ မရဘူးလေ။ လျှို့ဝှက်စနစ်ဆိုတော့။ တကယ်လို့ သွားစစ်ဆေးလိုက်ရင် မေးခွန်းတွေ အကုန် ပေါက်ကုန်မှာပေါ့။

Voice : အခုလက်ရှိ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ်မှာ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ဘာပြောဖို့ ရှိပါမလဲ။
Dr. TW : ဒါကတော့ ဘာမှပြောစရာ မရှိပါဘူး။ တချို့ကလည်း မှန်ပါတယ်၊ မမှားဘူး ပြောနေကြတယ်။ ဒါကြောင့်မို့ ကျွန်တော်က အမှားအမှန်ကို ပိုင်းခြားလို့ မရသေးဘူးလို့ ပြောတာလေ။ ဘာသာရပ်ပညာရှင် ကျွမ်းကျင်တဲ့ ပါမောက္ခတွေရဲ့ ဆုံးဖြတ်ချက် ရမှသာ အဖြေ ထွက်လာမှာပါ။ အဲဒီကျမှ အတည်ပြုလို့ရမှာလေ။ အခုလောလောဆယ်တော့ မရဘူး။

Voice : ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

ရွှေဖူးခင်

The Voice

No comments:

Post a Comment