Latest News

Friday, March 17, 2017

မာကယ်နဲ့ ထရန့် တို့ ပထမဆုံးအကြိမ် အိမ်ဖြူတော်မှာ တွေ့ဆုံ

မာကယ်နဲ့ ထရန့် တို့ ပထမဆုံးအကြိမ် အိမ်ဖြူတော်မှာ တွေ့ဆုံ

အိမ်ဖြူတော်မှာ ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဂျာမန်အဓိပတိ အန်ဂျလာမာကယ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ ယနေ့ (မတ်လ ၁၇ ရက်) တွေ့ဆုံဆွေးနွေးကြကြောင်း သိရပါတယ်။ မာကယ်နဲ့ ထရန့်တို့ တွေ့ဆုံမှာ နေတိုး (NATO) အဖွဲ့၊ ကုန်သွယ်မှုနဲ့ ယူကရိန်းအရေးတို့ကို အဓိက ဆွေးနွေးရန်စီစဉ်ထားသလို အယူအဆနဲ့ ဦးဆောင်မှုပုံစံတွေနဲ့ ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ဂျာမန်အဓိပတိ မာကယ်ရဲ့ အိမ်ဖြူတော်ခရီးစဉ်ကို မူလက အင်္ဂါနေ့ (မတ်လ ၁၄ ရက်) မှာ စီစဉ်ခဲ့ပေမဲ့ နှင်းမုန်တိုင်းကျရောက်မှုကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

မာကယ်နဲ့ ထရန့်တို့ဟာ အိမ်ဖြူတော်မှာ ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် နေ့လည်စာ အတူသုံးဆောင်ကာ ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မှာ ဖြစ်ပါတယ်။ ထိပ်သီးခေါင်းဆောင်နှစ်ဦးဟာ လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တာကြောင့် ၎င်းတို့ တွေ့ဆုံဆွေးနွေးမှုကို ကမ္ဘာက စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ အမေရိကန်သမ္မတထရန့်က မာကယ်ရဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီပြီး ဂျာမနီကိုဝင်ရောက်ခွင့်ပြုမှုဟာ ကြီးမားတဲ့ အမှားတစ်ခုကို ပြုလုပ်ခဲ့ခြင်းလို့ ဝေဖန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ Time မဂ္ဂဇင်းက တစ်နှစ်တာလူပုဂ္ဂိုလ်အဖြစ် မာကယ်ကို ရွေးချယ်ဖော်ပြခဲ့စဉ်ကလည်း မာကယ်က ဂျာမနီကို ပျက်စီးအောင်လုပ်နေကြောင်း ထရန့်က ဝေဖန်ခဲ့ပါတယ်။ ထိုသို့ ဝေဖန်ခဲ့ခြင်းမတိုင်မီက မာကယ်ဟာ ၎င်း လေးစားရတဲ့ ခေါင်းဆောာင်တစ်ဦးဖြစ်ကြောင်းလည်း ထရန့်က ပြောခဲ့ဖူးပါတယ်။ မာကယ်နဲ့ ထရန့်တို့ တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍအပေါ် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်အတွင်း ထရန့်က ဂျာမနီကဲ့သို့ နိုင်ငံတွေမှ သွင်းကုန်များအပေါ် အခွန်ကောက်ခံမှု တိုးမြှင့်သွားမယ်လို့ ပြောထားပါတယ်။ မာကယ်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း သူမနဲ့အတူ ဂျာမနီ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Siemens, Schaeffler နဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီ BMW တို့မှ အကြီးအကဲများလည်း လိုက်ပါလာပြီး အမေရိကန်မှာ ဂျာမနီက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးသွားမယ်လို့ကြောင်း သိရပါတယ်။

ထို့အတူ ရုရှား၊ ဆီးရီးယား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝဒါဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားကြမယ်လို့ မျှော်လင့်ရပါတယ်။ မာကယ်ဟာ ယခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဂျာမန်အဓိပတိအဖြစ် စတုတ္ထသက်တမ်း ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။
Source & Photo: Reuters : Duwun


No comments:

Post a Comment