Latest News

Sunday, March 5, 2017

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှလုံးခွဲစိတ်ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိ


ရန်ကုန် မတ် ၅

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံ ကြီး၌ နှလုံးခွဲစိတ်ကုသခဲ့ရာ မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကာ ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်းနှင့်ဆိုင်သော သွေးကြော မကြီးမှာ ကြီးနေသဖြင့် ရန်ကင်းကလေးဆေးရုံကြီးမှ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန၏ အစီအစဉ်ဖြင့် မြန်မာဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီမှစတင်၍ နှလုံးခွဲစိတ်ကုသခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အမြဲတမ်းအတွင်းဝန်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ရန်ကင်းကလေး ဆေးရုံအုပ်ကြီးတို့က ကော်မတီများအသီးသီးအဖွဲ့စည်း၍ စနစ်တကျ ကြိုတင်စီမံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသရာတွင် ဒေါက်တာမြင့်မြင့်ခိုင် (ဆေးရုံအုပ်ကြီး၊ ရန်ကင်းကလေးဆေးရုံကြီး)၊ ပါမောက္ခအောင်ရဲဦး (နှလုံးသွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး၊ UK)၊ ပါမောက္ခ ဝင်းဝင်းကျော် (နှလုံးသွေးကြောခွဲစိတ် အထူးကု ဆရာဝန်ကြီး)၊ ပါမောက္ခ အောင်သူ (နှလုံးသွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး)၊ ပါမောက္ခ အောင်ကြည်(မေ့ဆေး အထူးကုဆရာဝန်ကြီး)၊ ပါမောက္ခ အေးအေးအေး (နှလုံး မေ့ဆေးအထူးကုဆရာဝန်ကြီး)၊ ပါမောက္ခသီတာအောင် (အမျိုးသားသွေးဌာန)၊ ပါမောက္ခ ဇော်သန်းထွန်း(သမားတော်ကြီး)၊ ပါမောက္ခ ကျော်ဇင်ဝေ (ကလေးအထူးကုဆရာဝန်ကြီး)၊ တွဲဖက်ပါမောက္ခ ခင်ယဉ်ယဉ်ထွေး (နှလုံးမေ့ဆေး အထူးကုဆရာဝန်ကြီး)၊ တွဲဖက်ပါမောက္ခ သန်းဦး (ဓာတ်မှန် အထူးကု ဆရာဝန်ကြီး)၊ ဒေါက်တာလဲ့လဲ့ထွန်း (အထူးကုဆရာဝန်ကြီး၊ ရောဂါဗေဒ)၊ ဒေါက်တာညီညီ (နှလုံး မေ့ဆေးအထူးကုဆရာဝန်ကြီး)၊ ဒေါက်တာ ဉာဏ်လင်းအောင် (Perfusionist ၊ နှလုံးမေ့ဆေးအထူးကုဆရာဝန်)၊ ဒေါက်တာ အောင်သိန်းထွဋ် (လက်ထောက်ဆရာဝန်၊ ကလေးနှလုံး)၊ ဒေါက်တာ သတိုးသိန်းဇံ(လက်ထောက် ဆရာဝန်၊ ကလေးနှလုံး)၊ဒေါက်တာသန်းထိုက်အောင် (နှလုံးအထူးကုသမားတော်ကြီး)တို့က အနီးကပ်ပါဝင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

နှလုံးခွဲစိတ်ကုသအဖွဲ့ကို ပါမောက္ခ အောင်ရဲဦး ဦးဆောင်၍ ပါမောက္ခ ဝင်းဝင်းကျော်နှင့် ပါမောက္ခ အောင်သူတို့ ပူးပေါင်းခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါမောက္ခ အောင်ရဲဦးသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆေးပညာ ဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ရရှိခဲ့ပြီး ယခုအခါ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့ရှိ Liverpool Heart and Chest Hospital တွင် ၂ဝ၁၄ ခုနှစ်မှ စတင်၍ Chief of Surgery နှင့် Professor အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းသည် UK Aortic Forum (အင်္ဂလန်နိုင်ငံ နှလုံးသွေး ကြောမကြီး ကျွမ်းကျင်ပညာရှင်များအဖွဲ့)၏ လက်ရှိဥက္ကဋ္ဌ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ နှစ်စဉ် လာရောက်၍ ရန်ကင်းကလေးဆေးရုံကြီး၌ ခုနစ်ကြိမ်၊ နှလုံးနှင့် သွေးကြောဝေဒနာရှင် ၉ဝ ကျော်ခန့်ကို ဦးဆောင်၍ ခွဲစိတ်ကုသပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသမှုတွင် နှလုံးမေ့ဆေးဆရာဝန်အဖွဲ့ကို ပါမောက္ခ အေးအေးအေး ဦးဆောင်၍ တွဲဖက်ပါမောက္ခ ခင်ယဉ်ယဉ်ထွေး၊ အထူးကုဆရာဝန် ဒေါက်တာဉာဏ်လင်းအောင်တို့ ပါဝင်ဆောင်ရွက်ခဲ့ပြီး ခွဲစိတ်ခန်း သူနာပြုအဖွဲ့ကို သူနာပြု ဆရာမကြီး ဒေါ်ထွေးခင် ဦးဆောင်သည့် သူနာပြုအဖွဲ့က ကူညီဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ နှလုံးခွဲစိတ် ကုသမှုကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မြန်မာဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ထူးခြားသော အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားရှိသည်။

No comments:

Post a Comment