Latest News

Wednesday, March 8, 2017

ဦးဝီရသူကို တောင်းပန်စရာအကြောင်းမရှိလို့ သတင်းထောက်ချုပ် ကိုဆွေဝင်းပြော

ဦးဝီရသူကို တောင်းပန်စရာအကြောင်းမရှိလို့ သတင်းထောက်ချုပ် ကိုဆွေဝင်းပြော

သတင်းမှားရင် မှားတာနဲ့ပတ်သတ်ပြီး တာဝန်ယူမယ်လို့ ဆိုပါတယ်။


မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူက ဒုစရိုက်သမားတစ်ဦးဖြစ်ပြီး မဘသအကြောင်းရေးခဲ့တဲ့ သတင်းနဲ့ပတ်သတ်ပြီး တောင်းပန်စရာမရှိဘူးလို့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ Myanmar Now သတင်းဌာန သတင်းထောက်ချုပ် ကိုဆွေဝင်းက ပြောလိုက်ပါတယ်။

ဒီနေ့ ( မတ်လ ၈ ရက်) မွန်းလွဲပိုင်းက Myanmar Now သတင်းဌာနရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

Myanmar Now ကရေးတဲ့ သတင်းတစ်ပုဒ်မှာ အမုန်းစကားတွေ ဖြန့်ချိနေတဲ့ ဦးဝီရသူက ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာက  ပါရာဇိက ကံကျပြီလို့ သတင်းတစ်ပုဒ်ရေးခဲ့တဲ့နောက်ပိုင်း အခုလို အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

ဦးဝီရသူက သူ့ဖေ့ဘုတ်မှာ ဦးကိုနီကို သတ်တဲ့သူတွေကို ကျေးဇူးတင်တယ်လို့ တရားဝင်ရေးသားထားပြီးနောက်ပိုင်းမှာ ကိုဆွေဝင်းက သတင်းရင်းမြစ်တွေ ပြောဆိုတာနဲ့ ကာယကံရှင်ကို ဆက်သွယ်ပြီးအသေးစိတ်ပြောဖို့ ကြိုးစားခဲ့ပေမယ့် မရလို့ မဘသနဲ့ ဆက်နွယ်တဲ့ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းပြီး သတင်းရေးသားခဲ့တာလို့ ဆိုပါတယ်။

"မဘသနဲ့ ဆက်နွယ်တဲ့ခေါင်းဆောင်တွေကို မှတ်ချက်တောင်းတယ်။မဘသရှေ့နေပါတယ်။ မဘသထိပ်တန်းဆရာတော်တွေပါတယ်။ မေးမြန်းတယ်။ ဦးဝီရသူက ပါရာဇိက ကံကျပြီလို့ သိရကြောင်းလို့ ရေးတယ်။ ကျကြောင်းလို့ ရေးတာမဟုတ်ဘူး။ ဦးဝီရသူက ကျွန်တော့်အမြင်မှာ ဒုစရိုက်သမားဖြစ်သွားပြီ။ ရာဇ၀တ်မှုကို အားပေးအားမြှောက်ဘယ်မှာမှလုပ်မရဘူး။ဘယ်နိုင်ငံမှာမဆို အဲ့လိုအားပေးအားမြှောက်လုပ်ရင် တစ်ခါတည်းအဖမ်းခံရမယ်။ အဓမ္မ၀ါဒကို အဓမ္မ၀ါဒလို့ ရေးရမယ်"လို့ ကိုဆွေဝင်းက ပြောပါတယ်။
ဒါ့အပြင် ဗုဒ္ဒဘာသာနဲ့ အကြမ်းဖက်သမားလို့ တွဲပြောနေတာကို အင်မတန်ဝမ်းနည်းတယ်လို့ ကိုဆွေဝင်းကပြောခဲ့ပြီး သာသနာတစ်ခုလုံးအတွက် သာသနာမှာ အမုန်းစကားပြောဖို့ တစ်ခုမှမပါဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေတဲ့ ကိုဆွေဝင်းက ခုနစ်ရက်အတွင်းတောင်းပန်ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရားပြောဆိုတာမရှိသေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော်က တောင်းပန်စရာမရှိဘူး။ သတင်းသမားတစ်ယောက်က သတင်းမှားရင်တာဝန်ယူမယ်။ ဘယ်မှာမှားလဲ။ ဒါနဲ့ပါတ်သတ်ပြီး တာဝန်ယူမယ်။ ဒုစရိုက်သမားကို တောင်းပန်စရာအကြောင်းမရှိဘူး။ လူသတ်ဝါဒကို အားပေးတဲ့ ဘယ်သူ့ကိုမဆို တောင်းပန်စရာအကြောင်းမရှိဘူး"လို့ ကိုဆွေဝင်းက ပြောပါတယ်။

Duwun

No comments:

Post a Comment