Latest News

Tuesday, March 14, 2017

တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ

တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ဒီနေ့မနက် ထပ်မံလှုပ်ခတ်မှုကြောင့် ၁၅ ဦးခန့် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ထပ်လှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်ကြောင့် တိုက်ကြီးမြို့က အထည်ချုပ်စက်ရုံ တစ်ရုံမှာ ၁၅ ဦးလောက်ထပ်မံ ဒါဏ်ရာရရှိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မင်းစိုး က ပြောပါတယ်။

"အထည်ချုပ်စက်ရုံက အဆောက်အအုံ ဘာမှမဖြစ်ဘူး မနက်က ၁၀ နာရီ ၂၅ မိနစ်မှာ ထပ်လှုပ်တော့ အထည်ချုပ်သမလေးတွေက လန့်ပြီးပြေးတာ ပြေးတော့ လူ ၂၀၀ ကျော်ရှိတဲ့အခါ နဲနဲရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး မူးလဲတာတွေ ဘာတွေဖြစ်တာ ၁၅ ယောက်လောက်တော့ဖြစ်သွားတယ် တိုက်ကြီးဆေးရုံကို ပို့ထားတယ်"

မနေ့ညကလှုပ်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂ ဦးရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တိုက်ကြီးမြို့နဲ့ ဝေးကွာတဲ့ ကပစ တပ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အတည်ပြုလို့မရဖြစ်နေတယ်လို့လည်း ဦးလွင်မင်းစိုး က ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အဦးအဟောင်းတွေပြိုကျခဲ့ပြီး လူနေအိမ် ၈ လုံးလောက်နဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလောက်ပျက်စီးခဲ့ပါတယ်။

နေအိမ်ပျက်စီးခဲ့တဲ့ မိသားစုတွေကို ငွေကျပ် ၅ သောင်းနဲ့ ဆန် ၂ အိတ်ထောက်ပံ့သွားမှာဖြစ်ပြီး လတ်တလောမှာ ပြိုသွားတဲ့ အိမ်နဲ့ အဝေးမှာနေဖို့ ညွှန်ကြားထားပါတယ်။

မနေ့ညက တိုက်ကြီးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၅ ဒသမ ၈ ရစ်ခ်ျတာစကေးရှိပြီး နောက်ဆက်တွဲ ငလျင် လှုပ်ခတ်နိုင်မှု ၅၀ ရာခိုင်နှုန်းရှိတဲ့အတွက် အဆောက်အဦးအဟောင်းတွေနဲ့ ပြိုပျက်နေတဲ့ အဆောက်ဦးတွေအနီးကို  သတိထားသွားလာကြဖို့ မြန်မာနိုင်ငံငလျင်ကော်မတီက သတိပေးထားပါတယ်။

ဓါတ်ပုံ - ဦးတင်မောင်ထွန်း

( မနေ့ညကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် တိုက်ကြီးမြို့နယ်က ပျက်စီးသွားတဲ့ အိမ်တစ်လုံးကို တွေ့ရစဉ် )
RFA

No comments:

Post a Comment