Latest News

Thursday, March 16, 2017

ပြည်သူ့အတွက် ပထမတစ်နှစ်တာအစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ

ပြည်သူ့အတွက် ပထမတစ်နှစ်တာအစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ


 ''စိစစ်အကြံပြုခဲ့တဲ့ ဥပဒေတွေအနက် ဥပမာအနေနဲ့ပြောရရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ နိုင်ငံသားနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ အားလုံးဟာ တူညီတဲ့ ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။''

''အလားတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ (မူကြမ်း)ကိုလည်း ကျွန်တော်တို့ ရုံးက စိစစ်အကြံပြုခဲ့ပြီးဖြစ်ပါတယ်။ မကြာမီ ထုတ်ပြန်ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုကတော့ အသိဥာဏ် ပစ္စည်းဆိုင်ရာဥပဒေ(IP Law)တွေ ဖြစ်ပါ တယ်။ ဒီဥပဒေတွေကို ပြဋ္ဌာန်းပြီးရင်တော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် အများကြီးအထောက်အကူပြုမှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ကဏ္ဍသုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍသုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်ရသည့် ရုံးတစ်ရုံးဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေများ စိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဥာဏ်ပေးရေး ဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန နှင့် စီမံရေးရာဦးစီးဌာနဟူ၍ ဦးစီးဌာန လေးခုဖြင့် ဖွဲ့စည်းထားပြီး အဆင့်ဆင့်သော ဥပဒေ ရုံးများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံး ၁၄ ရုံး၊ ခရိုင်ဥပဒေရုံး ၇၂ ရုံးနှင့် မြို့နယ်ဥပဒေရုံး ၃၃ဝ တို့ဖြင့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥပဒေများစိစစ်ရေးဦးစီးဌာနအနေဖြင့် တစ်နှစ်တာကာလအတွင်း ဥပဒေမူကြမ်း ၆၈ ခု၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း) ၁၃၁ ခုကို စိစစ် အကြံပြုခဲ့ကြောင်း၊ ဥပဒေ ၈ဝ ကိုလည်း မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာ ပြန်ဆိုနိုင်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ သိရသည်။

နိုင်ငံအတွက် အရေးပါ
စိစစ်ခဲ့သော ဥပဒေများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားသားများ ဆိုင်ရာဥပဒေ၊ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်း၊ တီထွင်မှု၊ ကုန်အမှတ်တံဆိပ်၊ စာပေနှင့် အနုပညာ ဥပဒေများသည် နိုင်ငံအတွက် အရေးပါသော ဥပဒေများဖြစ်သည်။ အလားတူ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနည်းဥပဒေများနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတို့ကိုလည်း စိစစ်အကြံပြုခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ အရေးပေါ်စီမံမှုဥပဒေကို ရုပ်သိမ်းသည့် ဥပဒေတို့ကိုလည်း စိစစ်အကြံပြုခဲ့သည်ဟု သိရသည်။

စိစစ်အကြံပြု
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေကြမ်းနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းများ နှင့် စပ်လျဉ်း၍ နိုင်ငံတကာ Convention များနှင့် ညီညွတ်စေရန် စိစစ်အကြံပြုခဲ့သည် ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဥပဒေအကြံဥာဏ်ပေးရေးဦးစီးဌာနအနေဖြင့် တစ်နှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာ နှင့်သက်ဆိုင်သည့်ကိစ္စ အမှု ၄၉ဝ၊ အစိုးရဌာန များနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ ချုပ်ဆိုသော စီးပွားရေးစာချုပ်စာတမ်း ၅၆၄ ခု၊ အထွေထွေဥပဒေအကြံဥာဏ်ပေးခြင်းကိစ္စ ၁၃၂ ခု တို့ကို စိစစ်အကြံပြုပြန်ကြားခဲ့သည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးမှတ်တမ်းများအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်ဖက်စာချုပ်ဝင်များကြား နည်းပညာ၊ ငွေ ရေး ကြေးရေးထောက်ပံ့ကူညီရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်များ အပေါ် ဥပဒေအကြံဥာဏ်ပေးရာတွင် ၂ဝ၁၆ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ အဓိက စာချုပ်တစ်ခုဖြစ်သည့် ICESCR အား မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေး၊ လူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်သံရုံး တို့အကြား ချုပ်ဆိုခဲ့သည့် MoU ကို လက်မှတ် ရေးထိုးနိုင်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဆိုင်ရာ အာရှပစိဖိတ်အဖွဲ့က နိုင်ငံအချင်း ချင်း အကဲဖြတ်ရေးလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံအပေါ် ဒုတိယအကြိမ် အပြန်အလှန် အကဲဖြတ်ရေးလုပ်ငန်းစဉ်နှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအရ ဆောင်ရွက်ရသော ကိုယ်ပိုင်အကဲဖြတ် ဆန်းစစ်သုံးသပ်ချက် လုပ်ငန်းများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပါဝင်ဆောင် ရွက်ခဲ့သည်။

နိုင်ငံတော်ကိုယ်စားအမှုလိုက်ပါဆောင်ရွက်
တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနက ရာဇဝတ်မှုများကို တရားမစွဲမီ ဥပဒေအကြံ ဥာဏ်ပေးခြင်းနှင့် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါခြင်းများဆောင်ရွက်သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားသည့် စာချွန်တော်အမိန့် လျှောက်ထားမှုများတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် နိုင်ငံတော်ဘက်မှ လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ရုံးသဟာယအဖြစ်လည်းကောင်း လိုက်ပါဆောင်ရွက်ရသည်။

ပြည်ထောင်စုရှေ့နေချုပ်က ''ရာဇဝတ် မှုတွေကို တရားစွဲဆို၊ အမှုလိုက်ပါဆောင် ရွက်ရာမှာ ကြန့်ကြာမှုမရှိစေဖို့အတွက် အဓိကကျတဲ့ သက်သေတွေကို ရုံးရှေ့ရောက်ရှိရန် ဆင့်ခေါ်ရေး၊ မလိုအပ်ဘဲ ရုံးချိန်းရက်ကို ခွာပြီး ချိန်းဆိုမှုမပြုရေးကို သက်ဆိုင်ရာ တရားရုံး၊ တရားစွဲအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်''ဟု ဆိုသည်။

ယင်းကဲ့သို့ အမှုများကြန့်ကြာမှုမရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးထား သကဲ့သို့ ဥပဒေအကြံတောင်းခံလာသည့်အခါတွင်လည်း ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေနှင့်အညီ ကြန့်ကြာမှုမရှိစေရေ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အမှုရုပ်သိမ်းခြင်း
အမှုရုပ်သိမ်းခြင်းကိုလည်း ကြန့်ကြာမှုမရှိ စေရန်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။ အမှုပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ဥပဒေရုံးအဆင့်ဆင့်တွင် ပိတ်သိမ်းရန် တင်ပြမှုပေါင်း ၅၃၁ဝ ရှိသည့်အနက် ၅၂၁၁ မှု ဆောင်ရွက်ပြီးစီးခဲ့သည်။

တရားစွဲအဖွဲ့အစည်းက စုံစမ်းထောက် လှမ်းနေသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ အမှုပိတ်သိမ်းခွင့်ပြုနိုင်သော အခြေအနေ (၆) မျိုးရှိကြောင်း သိရသည်။ ၄င်းတို့မှာ တရားခံ သေဆုံးမှု၊ ရဲအရေးယူပိုင်ခွင့်မရှိသောအမှု၊
လွှဲပြောင်းမှု၊ စုံထောက်မရမှု၊ လီဆယ်မှုနှင့် မှားယွင်းမှုတို့ကြောင့် အမှုပိတ်သိမ်းရခြင်းဖြစ်သည်။

တရားစွဲအဖွဲ့အစည်းက အမှုပိတ်သိမ်းလိုကြောင်း ဥပဒေရုံးအဆင့်ဆင့်ကို တင်ပြလာပါက ဥပဒေရုံးအဆင့်ဆင့်အနေဖြင့် ပိတ်သိမ်းရန် သင့်/မသင့် စိစစ်ရသည်။ စိစစ်သော အချက်များမှာ တရားခံအား တရားစွဲ ဆိုရန် အချက်အလက် ပြည့်စုံခိုင်လုံခြင်း ရှိ/ မရှိ၊ သက်သေခံအထောက်အထားများ ထပ်မံ စုံစမ်းဖော်ထုတ်နိုင်ဖွယ်ရာ ရှိ/မရှိ၊ ရဲစက္ကူ အမှုတွဲပါ နေ့စဉ်မှတ်တမ်းအရ စုံစမ်းထောက် လှမ်းမှု ပြည့်စုံခြင်း ရှိ/မရှိ တို့ဖြစ်သည်။ ဖော်ပြပါ အချက်များနှင့်အညီ ပိတ်သိမ်းရန် အထောက်အထားခိုင်လုံပါက သက်ဆိုင်ရာ ဥပဒေရုံးက အမှုပိတ်သိမ်းရန်ဆုံးဖြတ်သည်။

အမှုရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ဥပဒေ ရုံးအဆင့်ဆင့်သို့ ရုပ်သိမ်းရန်တင်ပြလာသည့် အမှုပေါင်း ၁၉၉၄၃ မှုအနက် ရုပ်သိမ်းခွင့်ပြုခဲ့ သော အမှုပေါင်း ၁၈၆၁ဝ ၊ ရုပ်သိမ်းခွင့်မပြုရန် ဆုံးဖြတ်သည့်အမှုပေါင်း ၁၂၅၈ မှု ဖြစ်သည်။

ရုပ်သိမ်းခွင့်ပြုခဲ့ရသော အကြောင်းများမှာ အမှုသည်အချင်းချင်း နှစ်ဖက်ကျေအေး ကျေနပ်မှုရရှိကြပြီးဖြစ်ခြင်း၊ အမှုသည်များသည် ဆွေမျိုးသားချင်းများဖြစ်၍ အမှန်တရားကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ခြင်း၊ နစ်နာသူရရှိသည့် ဒဏ်ရာများသည် ကြီးကြီး မားမားမဟုတ်ဘဲ ဒဏ်ရာများပျောက်ကင်း နေပြီဖြစ်ခြင်း၊ တရားခံဘက်မှ လူမှုရေးအရ လိုအပ်သော ဆေးကုသမှုနှင့် လူမှုရေးစရိတ်များအား ပေးအပ်မှုရှိခြင်း၊ တရားလိုဘက်မှ တရားခံ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံ ချက်အထောက်အထား တင်ပြနိုင်မှုမရှိခြင်း၊ အမှုစစ်ဆေးပေါ်ပေါက်သည့် သက်သေခံချက်များအရ အမှုကို ဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာမရှိခြင်း စသည်တို့ကို စိစစ်ပြီး အမှုများကို ရုပ်သိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဖော်ပြပါ အကြောင်းအချက်များနှင့် ညီညွတ်ပါက အမှုရုပ်သိမ်းရန်အတွက် သက်ဆိုင်ရာ တရားရုံးသို့ ထောက်ခံတင်ပြ ဆောင်ရွက်သည်ဟု သိရသည်။

အမိန့်ကြော်ငြာစာအမှတ် ၁၄/၂ဝ၁၇
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ၉- ၂-၂ဝ၁၇ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် ၁၄/၂ဝ၁၇ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၂-၂-၂ဝ၁၇ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၁၁-၃-၂ဝ၁၇ရက်နေ့ တွင်လည်းကောင်း ကျင်းပခဲ့သည်။

ယင်းအဖွဲ့တွင် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဥပဒေပါမောက္ခ၊ လူမှုအဖွဲ့ အစည်းဝင်များနှင့် တရားလွှတ်တော်ရှေ့နေ များပါဝင်သဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးကဏ္ဍအတွက် အဓိကကျသော ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များပါဝင်သည်။

၂ဝ၁၅-၂ဝ၁၉ ခုနှစ် မဟာဗျူဟာစီမံကိန်း
''တရားဥပဒေစိုးမိုးရေးဆီသို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ၂ဝ၁၅-၂ဝ၁၉ ခုနှစ် မဟာဗျူဟာ စီမံကိန်းကို ကျွန်တော်တို့ ချမှတ်အကောင် အထည်ဖော်နေပါတယ်''ဟု ပြည်ထောင်စု ရှေ့နေချုပ်က ပြောသည်။

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးက အကောင်အထည်ဖော်ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းပေးရန်၊ ယင်းလုပ်ငန်းများကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန်၊ ဆောင်ရွက်ပေး သင့်သောကိစ္စများ၊ ဖြေလျှော့ပေးသင့်သော ကိစ္စများ၊ ပြုပြင်ပေးသင့်သောကိစ္စများ၊ ပြုပြင် သင့်သောကိစ္စများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သိရသည်။

တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိများသည် မျှတသော တရားစီရင်ရေးစနစ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မျှတသော တရားစီရင်ရေးစနစ်စံချိန်စံညွှန်းများ လက်စွဲစာအုပ် (Fair Trial Standard) ကို အပြည်ပြည်ဆိုင်ရာဥပဒေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း IDLO နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ဥပဒေအရာရှိများအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ထားရှိရမည့် ဥပဒေအရာရှိကျင့်ဝတ် ကို နိုင်ငံတကာစံနှုန်းနှင့်အညီ UNDP ၏ အကူအညီဖြင့် ပူးပေါင်းရေးဆွဲနေသည်။

ဥပဒေရုံးအဆင့်ဆင့်တွင် အမှုများ ကြန့်ကြာမှုမရှိစေရန်အတွက် အမှုကိစ္စများစီမံ ခန့်ခွဲမှုစနစ် အမှုကိစ္စရပ်စီမံခန့်ခွဲမှုစနစ် (Case Management)ကို ပိုမိုကောင်းမွန်စေရန် အတွက်အကောင်အထည်ဖော်ဆောင် ရွက်နေပါသည်။ အလားတူ တရားစီရင်ရေး ကဏ္ဍ တိုးတက် ကောင်းမွန်စေရေးအတွက် ရှေ့ပြေးဥပဒေရုံးများကို အကောင်အထည် ဖော်ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက် နေသော ဥပဒေရုံးများမှာ ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၊ ချမ်းအေး သာစံမြို့နယ်ဥပဒေရုံးနှင့် မော်လမြိုင်မြို့နယ် ဥပဒေရုံးတို့ဖြစ်သည်။

USAID နှင့် KOICA
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ ပြည်သူ့ဆက်ဆံရေး ယူနစ်များဖွင့်လှစ်နိုင်ရန် USAID နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ရေးစီမံကိန်းအတွက် KOICA ၏ အထောက်အပံ့ဖြင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြု ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက် နေသည်။
ပြည်ထောင်စုရှေ့နေချုပ်က ''ကျွန်တော် တို့အနေနဲ့ အစိုးရသစ်လက်ထက် တစ်နှစ် တာကာလအတွင်း ဝန်ကြီးဌာနများက ဥပဒေအကြံဥာဏ်တောင်းခံသော ကိစ္စရပ်များ ပိုများလာပြီး ကျွန်တော်တို့ရုံးအနေနဲ့လည်း မြန်မြန်ဆန်ဆန်ပြန်ကြားနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

ဥပဒေအကြံဥာဏ်ပေးခြင်းမှာ မြန်ဆန်ခြင်းထက် ဥပဒေနဲ့ အညီ မှန်ကန်ခြင်းက ပိုမိုအရေးကြီးတဲ့အတွက် မှန်လည်းမှန်၊ မြန်လည်းမြန်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ပုဂ္ဂိုလ်များအားလုံးက ပူးပေါင်းပါဝင်ဆောင် ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်''ဟု ပြော ကြားခဲ့ပါကြောင်း။

(မောင်ဆွေဆွေ၊ သိမ့်သိမ့်မိုး)ပြန်/ဆက်

No comments:

Post a Comment