Latest News

Wednesday, March 22, 2017

လိပ်ကျွန်းလူသတ်မှု အယူခံပြင်ဆင်ချိန်ကာလ တစ်လ တိုးတောင်းမည်

လိပ်ကျွန်းလူသတ်မှု အယူခံပြင်ဆင်ချိန်ကာလ တစ်လ တိုးတောင်းမည်

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့် အယူခံတင်ဖို့ ပြင်ဆင်ချိန်ကို တစ်လတိုးပေးဖို့ အတွက် ထိုင်းနိုင်ငံ တရားရုံးချုပ်ထံ တင်ပြသွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က  ပြောပါတယ်။

အယူခံ ပထမအဆင့်တုန်းက တင်သွင်းခဲ့တဲ့ အချက်အလက်တွေအပြင် နောက်ထပ် အချက်အလက် အသစ်တွေကိုပါ ရှာဖွေနေတဲ့အတွက် အချိန်တိုးတောင်းတာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"ပထမ အယူခံရုံးမှာ တင်ခဲ့တဲ့ အချက်တွေပေါ့လေ။ အချက်ပေါင်း ၂၄ ချက်ကို အဓိက ထားရုံတင် မကဘဲနဲ့ အဆင့်အမြင့်ဆုံးတရားရုံးမှာ အချက်အသစ်တွေကို ကျနော်တို့ အမှုတွဲ စာမျက်နှာပေါင်း ၄၀၀၀ ကျော်ရှိတဲ့ အထဲကနေ ပြန်လည် သုံးသပ်ပြီးတော့မှ အချက်အသစ်တွေ ထပ်ရှာမယ်။ ပြီးလို့ရှိရင် ပထမ အယူခံရုံးက ချတဲ့အမိန့်အပေါ်မှာ မူတည်ပြီးတော့လည်း အချက်အလက်အသစ်တွေ ထပ်ရှာပြီးတော့ ဒီအဆင့်မြင့် ရုံးကို အယူခံတင်မယ်လို့ ရည်ရွယ်ထားလို့ပါ။"

အဲဒီလို ပြင်ဆင်ချိန် ၁ လ ထပ်တိုးတောင်းပြီးနောက် အချိန်လိုအပ်နေသေးရင်လည်း နောက်ထပ် တစ်လ ထပ်တိုးတောင်းခွင့် ရှိသေးတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဥပဒေအရ အယူခံတင်သူတွေကို ၁ လအချိန်ပေးပေမယ့် အကြောင်းပြချက်ခိုင်လုံရင် ပြင်ဆင်ချိန် ၃ လအထိ ထပ်တိုးတောင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်း ကို လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်တယ်ဆိုပြီး မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ၂၀၁၅ ခုနှစ်က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသေဒဏ်နဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေဘက်က အယူခံ ဆက်တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဲဒီအယူခံကို တရားရုံးက ပယ်ချခဲ့ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်မှာ အယူခံဆက်တက်ဖို့အတွက် မြန်မာအလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရှေ့နေချုပ်ရုံးကနေ ဥပဒေရေးရာ အကြံပေးဖို့ ဆက်သွယ် ထားတယ်လို့ သိရပါတယ်။

Photo: Supapong Chaolan/RFA

No comments:

Post a Comment