Latest News

Tuesday, March 28, 2017

သေနတ်တွေ ဘယ်က ဝင်လာနေသလဲ

သေနတ်တွေ ဘယ်က ဝင်လာနေသလဲ

တစ်နိုင်ငံလုံးမှာ လက်နက်ဖမ်းဆီးရရှိတာတွေက တစ်နှစ်ထက် တစ်နှစ်ပိုများလာတာနဲ့အမျှ သေနတ်တွေ ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို သေချာစိစစ်သင့်ပြီလို့ ပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ဝင်မြို့ထွက် ဂိတ်တွေမှာစစ်ဆေးအရေးယူမှုအားနည်းတာကြောင့် မူးယစ်ဆေးနဲ့ လက်နက်တွေဝင်ရောက်နေတာဟာ စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်လာပြီးလုံခြုံမှုကင်းမဲ့နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ဆိုပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်နဲ့အနီးကပ်ပစ်သတ်တာ၊ ဇန်နဝါရီ ၁၈ ရက်နေ့ကဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းက ကျောင်းဆရာ ကို သေနတ်နဲ့ပစ်သတ်တာ၊ မတ်လ ၂၄ ရက်နေ့က ထားဝယ်ခရိုင်အတွင်းမှာ ဧရာဝတီတိုင်းဒေသကြီးကအလုပ်လာလုပ်တဲ့ အမျိုးသားနှစ်ဦးသေနတ်နဲ့ ပစ် သတ်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

အဲသည်လို သေဆုံးမှုတွေကြောင့် ပြည်သူတွေဟာ လုံခြုံမှုမရှိတော့တဲ့အခြေအနေ အတွက် စိုးရိမ်ပူပန်နေကြပြီး သေနတ်တွေကိုင်ဆောင်ခွင့်ပြုထားလား၊ သေနတ်တွေ ဘယ်ကလာနေလဲဆိုတကို ပြည်သူတွေက သိချင်နေကြ ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်တဲ့ အချက်အလက်အရ ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ လက်နက်အမှုပေါင်း ၁၁၂၇၊ ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ လက်နက်အမှုပေါင်း ၁၄၀၄ အထိ မြင့်တက်လာတယ်။
လက်နက်မှုမှ မြှား၊ ဒူးလေး၊ အရိုးအသွား ခြောက်လက်မကျော်နဲ့ ဓားရှည်၊ ပေါက်ဆိန်၊ လက်လုပ်သေနတ်အမျိုးမျိုး၊ လိုင်စင်မရှိဘဲကိုင်ဆောင်တဲ့ စစ်သုံးလက်နက်တွေ ပါဝင်ပါတယ်။

ဘယ်ကဝင်လာလဲ
တရားမဝင်လက်နက်ရောင်းဝယ်မှုတွေဟာ နယ်စပ်ဒေသတွေမှာ အများဆုံး လုပ်ကိုင်ကြတယ်လို့ လေ့လာစောင့်ကြည့်နေသူအချို့ဆီက သိရပါတယ်။

‘ဘယ်ကလာလဲဆိုတော့ နယ်စပ်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြီးရင် တရားမဝင် လက်နက်ဈေးကွက်မှာ Stock တွေများလာတာတော့ အမှန်ပဲ၊ ကရင်ဘက်က ဝင်တဲ့လမ်းကြောင်းကတော့ လိုင်စင်မဲ့ကားတွေနဲ့အတူကပ်ပါလာတယ်၊ တရုတ်ဘက်ဆိုရင်တော့ ဆိုင်ကယ်ကယ်ရီသမားတွေကတစ်ဆင့်နည်းနည်းပါးတဲ့ အတိုလေးတွေရနိုင်တယ်၊ အရှည်ကတော့ နည်းနည်းခက်တယ်၊ အရေအတွက် ကြီးကြီးမားမားကလဲ အဖွဲ့အစည်းမရှိဘဲဝယ်လို့မရနိုင်ဘူးလို့ ကရင်ပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်က လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်း ကိုကျော်က ထိုင်းဘက်က စစ်ဆင်ရေးလေ့ကျင့်ပြီးတော့ သက်တမ်းကုန်လို့မသုံးတော့တဲ့ လက်နက်တွေက နယ်စပ်ဈေးကွက်ထဲကို ရောက်လာတာ၊ အဲဒီကနေ ကျွန်တော်တို့ဆီကိုရောက် လာတယ်၊ ကျွန်တော်လက်နက်ကိုင်တပ်နဲ့ နေစဉ်တုန်းကတော့ လက်နက်တွေ အဲဒီလမ်းကြောင်းကနေ ဝင်ရောက်လာတာပဲလို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံခဲ့တဲ့ ပစ္စတို (၉ – မမ) တစ်လက်၊ ငါးလုံးပြူးသေနတ်တစ်လက်နဲ့ ကျည်ဆန်တွေကို ထိုင်း -မြန်မာ နယ်စပ်မြဝတီမြို့ မှာ သွားရောက်ဝယ်ယူခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီးတစ်ဦးက ကိုယ့်နိုင်ငံတစ်ခုတည်းတွက်လို့မရဘူး၊ ထိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့မှာဆိုရင် သူတို့နိုင်ငံတွင်းမှာ လက်နက်ပုန်းတွေက ပျံ့နေတာကြောင့် တို့နိုင်ငံထဲကို စိမ့်ဝင်လာတယ်၊ ကုန်သွယ်မှုတွေလုပ်ကြတဲ့အတွက် ဝယ်ယူလို့ရတယ်လို့ ပြောပါတယ်။

ဈေးကွက်
နယ်စပ်ဒေသမှောင်ခိုဈေးကွက်မှာ လက်နက်အမျိုးအစားပေါ်မူတည်ပြီး အဆင့်တွေ သတ်မှတ်ထားပါတယ်။ အသုံးပြုပြီးသား လက်နက်တွေဖြစ်တယ်။ အသစ်နီးပါးကောင်း တာဆိုရင် အေ(A)၊ သူ့ ထက်နည်းနည်းညံ့တာက ဘီ (B)၊ အနိမ့်ဆုံးဟာကစီ (C) ဖြစ်ပါတယ်။
နယ်စပ်တွေကနေ ငါးလုံးပြူးသေနတ်နဲ့ ကျည်ဆန်၊ ခြောက်လုံးပြူးသေနတ်နဲ့ ကျည်ဆန်၊ အေကေ၄၇ သေနတ်နဲ့ ကျည်ဆန်၊ အမ် ၁၆ သေနတ်နဲ့ကျည်ဆန်၊ မက်ဂ္ဂနမ်သေနတ်တို/ရှည်၊ ၂၀ ဂိတ် (ကိုးလုံးထိုး) သေနတ်၊ ၆၆ မမ၊ ၈၁ မမ၊၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျည်ဆန်၊ RBG 2/5/7 နဲ့ သေနတ်ကျည်တွေ၊ ၉ မမ ကျည်တွေကို ဝယ်ယူရရှိနိုင်တယ်လို့ဆိုပါတယ်။

ထိုင်းကနေ ဘောပင်သေနတ်၊တစ်လုံးထိုးသေနတ်၊ လုပ်သေနတ်တွေအလွယ် တကူ ဝယ်ယူနိုင်တယ်။ သေနတ်တွေရဲ့ ဈေးနှုန်းဟာ အနိမ့်ဆုံး ကျပ် ၁၀ သိန်း ကနေ ကျပ် ၂၅ သိန်းအထိ ပေါက်ဈေးရှိတယ်လို့ လက်နက်ကိုင်တပ်အချို့ ဆီက သိရပါတယ်။

လက်နက်ကိုင်ခွင့်
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေကို ကိုယ့် အစီအစဉ်နဲ့ကိုယ်ဝယ်ကိုင်ကြတာများတယ်။ အဖွဲ့အစည်းက ထုတ်ပေးတာသေ နတ်နဲ့ ကျည် ၁၀ဝ ဆိုပေမဲ့ ကိုယ့်ဟာ ကိုယ်အပိုဝယ်ထားကြတာ၊ လက်ပစ်ဗုံး အပိုဝယ်ဆောင်ထားကြသူတွေရှိတယ်။ အဲသည်ကနေ လက်နက်ပုန်းတွေ များလာတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်း အချို့ကဆိုပါတယ်။

ရှမ်းပြည်နယ်ဘက်က လက်နက်ကိုင်ဟောင်းတစ်ဦးကတော့ ‘ပြည်သူ့စစ်မှာ ဌာနေပြည်သူ့စစ်နဲ့ လှုပ်ရှားပြည်သူ့စစ်ဆိုတာရှိတယ်၊ လှုပ်ရှားပြည်သူ့စစ်မှန်သမျှ လက်နက်ကိုင်တယ် ဌာနေပြည်သူ့စစ်ကဒေသ လိုအပ်ချက်အရထုတ်ပေးတာရှိသလို ထုတ်မပေးတာလဲရှိတယ်၊ နောက် ထပ်အသွင်ပြောင်းပြည်သူ့စစ်ဆိုတာရှိသေးတယ်၊ လက်နက်ကိုင်တပ်တွေကို ပြည်သူ့စစ်အသွင်ပြောင်းပြီးတော့ လက်နက်ကိုင်ခွင့်ပေးထားတာလို့ ရှင်းပြပါ တယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မုန်းကိုး ပြည်သူ့စစ်၊ မန်ပန်ပြည်သူ့စစ်၊ ကောင်း ခါးပြည်သူ့စစ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မဂျမ်းပြည်သူ့စစ်၊ မဟာဂျာပြည်သူ့ စစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆင်ကြော့ပြည်သူ့စစ်၊ မိုင်းခေးပြည်သူ့စစ် စတာတွေ ရှိပါတယ်။

အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ လည်းသတ်မှတ်နေရာတွေမှာ လက်နက်ကိုင်ဆောင်ခွင့်ရှိပြီး မြို့တွင်းသွားလာရင် ယူဆောင်ခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။
မြန်မာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသိပ္ဗံဒါရိုက်တာကိုနေဇော်အောင်က လက်နက် လိုင်စင်ထုတ်ပေးဖို့ဆိုတာက လက်ရှိအနေအထားနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ရှင်းပြပါတယ်။

ပြင်ဆင်ဖို့
နဝတ (နအဖ) အစိုးရတက်လာပြီး နောက်ပိုင်းမှာ ပြည်သူတွေထဲက လက်နက်တွေကိုသိမ်းဆည်းခဲ့ပါတယ်။ အခုနောက်ပိုင်းဖမ်းဆီးရမှုတွေကို ကြည့်ရင်လက်နက်နဲ့ မူးယစ်ဆေးဟာ ပူးတွဲပါလာတာကိုတွေ့ရပါတယ်။

‘သေနတ်နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကလဲ အားနည်းတယ်၊ ခေတ်နဲ့လျော်ညီမှု မရှိတော့ဘူး၊ အများကြီးပြင်ဆင်ရမယ်၊မူးယစ်ဆေးဝါးနဲ့ အတူပါလာရာကနေ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာနိုင်တယ်၊ အခုဆိုရင်ပစ်ခတ်ခံရတဲ့နှုန်းက တဖြည်းဖြည်းမြင့်တက်လာတယ်၊ အဲဒါကို ထိန်းကျောင်းနိုင်ဖို့လိုတယ်၊ ၈၈ မတိုင်ခင်တုန်းက လိုင်စင်နဲ့ကိုင်ရတာ၊ အခုဟာက ဘယ်လိုအနေအထားတွေ ဆိုတာ ခန့်မှန်းလို့မရဘူးဖြစ်နေတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါ တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်က ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၁၈၇၈ လက်နက်အက်ဥပဒေကို ၁၉၄၉ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေနဲ့ ၁၉၅၀ လက်နက်(ယာယီ) ပြင်ဆင်ချက် အက်ဥပဒေတို့ကို တစ်ပေါင်းတည်း ပြန်လည်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေတာအပြင် လက်နက်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တားမြစ်ထိန်းချုပ်အရေးယူနိုင်ဖို့ ဥပဒေတစ်ရပ်ပြင်ဆင်ရေးဆွဲနေ တယ်လို့ ပြောပါတယ်။

ကိုနေဇော်အောင်က လုံခြုံရေးကဏ္ဍကြီးတစ်ခုလုံးကို သုံးသပ်ဖို့လိုတယ်၊ ဒါမှ တစ်ခုချင်းစီကိုထိန်းချုပ်ဖို့ဖြစ်နိုင်မယ်၊လုံခြုံရေးအခြေအနေပြောင်းလဲဖို့တိုးမြှင့် လုပ်ဆောင်သင့်ပြီ၊ လုံခြုံရေးအခြေအနေဆိုးနေတာဟာ နှစ်နဲ့ချီနေပြီ၊ ပြောင်းလဲဖို့တစ်ခုခုလုပ်ဆောင်ဖို့လိုနေပြီလို့ ပြောပါတယ်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်တာနဲ့ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ပြီး ၁၉၅၁ ခုနှစ် လက်နက်(ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ (က)အရလည်း ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်။

မေစုကြည်၊ အေးအေးအောင် (Kumudra)

No comments:

Post a Comment