Latest News

Thursday, March 23, 2017

ရင်ဖွင့်ဖော်လိုနေသလား

ရင်ဖွင့်ဖော်လိုနေသလား

ကျွန်မအနေနဲ့လည်း စိတ်ညစ်တဲ့အခါ၊ တစ်စုံတစ်ရာကို ခံစားနာကျင်ရတဲ့ အခါ တစ်ယောက်ယောက်ကိုတော့ ရင်ဖွင့်ပြောပြချင်စိတ် ရှိပါတယ်။

အသက်အရွယ်မရွေး အားလုံးအနေနဲ့ကတော့ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေ ၀မ်းနည်းဝမ်းသာခြင်းတွေအပြင် ကိုယ့်အမြင်ကို ကိုယ့်အယူအဆလေးကို  တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြလိုက်ရရင် သိပ်ကောင်းမှာပဲလို့လည်း တွေးခဲ့ဖူးကြပါလိမ့်မယ်။

ကျွန်မ ငယ်တုန်းကတော့ တစ်ခုခု ခံစားရတဲ့အခါ အမေ့ကို ရင်ဖွင့်ပြောဖို့ ကြိုးစားခဲ့ဖူးတယ်။အမြဲတမ်း အလုပ်များနေတဲ့ အမေက ကျွန်မစကားကို နားထောင်ပေးဖို့ အချိန်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ဒိုင်ယာရီလေးထဲမှာပဲ ချရေးတဲ့ နည်းလမ်းနဲ့ပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခဲ့ရတယ်။

ချစ်သူထားတတ်တဲ့အရွယ်မှာတော့ ပထမဆုံး ချစ်သူကို ရေးတဲ့စာတွေထဲမှာ ထည့်ရေးဖြစ်ပါတယ်။ အဲဒါကြောင့် ထင်ပါရဲ့ကျွန်မရေးတဲ့ ရည်းစား စာတွေက ချစ်တဲ့အကြောင်းက နည်းပြီး၊ ကျွ်နမရဲ့ ထင်မြင်ယူဆချက်တွေ လောကအမြင်တွေ ခံစားချက်တွေကပဲ များနေတယ်လို့ ချစ်သူကပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ချစ်သူကလည်း သူ့အမြင်တွေကို စာထဲမှာထည့်ထည့်ရေးပြီး အပြန်အလှန်ရေးသားခဲ့တာဆိုတော့ ကျွန်မစိတ်သက်သာ၇ာ ရခဲ့တာ အမှန်ပါပဲ။

အိမ်ထောင်ကျတဲ့အချိန်မှာတော့ ခင်ပွန်းကို ပြောပြဖို့ကြိုးစားခဲ့တယ်။ သမီးရည်စားဘ၀မှာတော့ သူကလည်း နားထောင်ပေးခဲ့ပါတယ်။ အိမ်ထောင်သည်ဘ၀ရောက်တော့သူ့မှာ ကျွန်မကို ပေးဖို့အချိန်တွေ နည်းပါးကုန်ပြီ။အဲဒီလိုနဲ့ အိမ်ထောင်သက်တွေ ရင့်လာလေ သူက ကိုယ့်အပေါ် အချိန်ပေးတာ နည်းလာလေပါပဲ။

မိုးလင်းတာနဲ့ အလုပ်သွား ည၇ နာရီကျော်မှ အလုပ်ကနေပြန်လာ ညစာစားပြီးတော့မိသားစုနဲ့ အချိန်ဖြုန်းပြီး အိပ်ရာဝင်သွားတဲ့သူ့ကျောပြင်ကို ငေးကြည့်ပြီး ကိုယ့်ခံစားချက်တွေ ကိုယ်ပြောချင်တဲ့စကားတွေကို မြိုမြိုချခဲ့မိတယ်။

သူနဲ့ကိုယ်နဲ့ ညစာ စားချိန်၊ မိသာစု ဆုံချိန်မှာ ပြောဖြစ်ကြတဲ့စကားတွေက အပေါ်ယံတွေပါ၊ သူ့ကိုလည်း ကိုယ်မမြင်တွေ့နိုင်သလို၊ ကိုယ့်ကိုလည်း သူမြင်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီလိုနဲ့ကျွန်မအနေနဲ့ လည်းကိုယ့်ခံစားချက်ကို နားထောင်ပေးမဲ့သူ တစ်ယောက်ယောက်ကို အပြင်းအထန် တမ်းတခဲ့ဖူးပါတယ်။ တစ်ခါတစ်လေ ငယ် သူငယ်ချင်းတစ်ယောက်ယောက်ကများ ဖုန်းဆက်တဲ့အခါ  သူအချိန်ရတယ်ဆိုရင် သူနဲ့စကားပြောရင် ကိုယ့်ခံစားချက်လေး ထည့်ပြောရတာ သိပ်အရသာ ရှိတာပဲ.။ ငယ်သူငယ်ချင်းဆိုတာလည်း အမြဲတမ်း မအားတတ်တော့ သူတို့ဖုန်းတွေကို မျှော်ရတာလည်း မောလှတယ်။

အလုပ်ထဲမှာလည်း ကိုယ့်အနေနဲ့  ကိုယ့်အဖွဲ့သားတွေကို ဘယ်နှဲ့လုပ်ပြီး ကိုယ့်ခံစားချက်တွေ ပြောသင့်ရဲ့လား၊   သားတွေသမီးတွေကိုလည်း အလုံးစုံရင်ဖွင့်ပြောဆို သင့်ရဲ့လား ဆိုတဲ့ တွေဝေမှုတွေကလည်း ကျွန်မတို့ကို ပိုပြီး စိတ်ရှုပ်ထွေးစေပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ကိုယ့် ခံစားချက်တွေ မကျေနပ်ချက်တွေကို ဘယ်သူ့ကို ပြောရမှန်းမသိအောင် ခံစားလာရတဲ့ အချိန်တွေ များလာတာနဲ့အမျှ ကျွန်မတို့တစ်ထွေရဲ့ နှလုံးသားတွေဟာ တင်းကျပ်မာကျောလာတတ်ပြန်ပါတယ်။ အဲလို အချိန်မှာ
ကိုယ်ပြောတာလေးကို ဂရုတစိုက်နဲ့ နားထောင်ပေးမဲ့ သူ တစ်ဦးဦးကို အသည်းအသန်လိုချင်လာတာပါ.။...ကိုယ်ဘာပဲဖြစ်ဖြစ် ကိုယ်ဘယ်လိုပဲ နေနေ အပြစ်တင်ခြင်း၊ ဝေဖန်းခြင်း လုံးဝ မရှိဘဲနဲ့ ကိုယ်ပြောသမျှကို နားထောင်ပေးမဲ့ သူမျိုးရှိနေရင် စိတ်ထဲက တင်းကျပ်မှု တွေအားလုံး ပြေလျော့သွားတယ်။ စိက်သာသာရရာပြီး အလုပ်တွေ ပြန်လုပ်လာနိုင်ပါတယ်။

အဲလိုမှ မဟုတ်ဘူးတင်းကျပ် ပိတ်လှောင်သလို ခံစားနေရတဲ့အခြေအနေမျိုးမှာ ရင်ဖွင့်ချင်ပေမဲ့ ရင်ဖွင့်ဖော်မရှိတဲ့အခါ၊ ဖွင့်ဟခွင့်မရတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး တစ်ဖြည်းဖြည်း
နဲ့စိတ်ဓါတ်ကျဆင်းလာတာတွေနဲ့ ကြုံလာရတတ်ပြန်တယ်။

အဲဒီလို အခြေအနေထိ မရောက်ခင်မှာတော့ ကျွန်မတို့ဟာ တစ်ယောက်ယောက်ကို အားကိုးတကြီး တိုင်တည်ပြောဆိုလိုပါသေးတယ်။ကိုယ့်ကိုယ်ကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး၊ မာယာအမဲ့ဆုံး နေထိုင်ပြောဆိုလို့ရတဲ့ သူ တစ်ဦး မဟုတ် တစ်ဦးကတော့ အမြဲတမ်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေစေချင်ကြတယ်။

ဒါကို နားလည်သွားတဲ့ကျွန်မ ကိုယ်တိုင်ကလည်းတစ်ခါတစ်ရံမှာတော့ မိန်းမအချင်းချင်း စကားပြောကြရင်းနဲ့ရင်းနှီးစိတ် ၀င်လာတဲ့အခါ သူတို့စိတ်ထဲ ငါ့ကို နားလည်နိုင်မဲ့သူ တွေ့ပြီလို့ နားလည်လာကြပြီး ပေါင်းဖော်မိတ်ဆွေဖြစ်လာကြတာကို လက်ခံနားလည်မိတယ်.
သူပြောတာလည်း  ကိုယ်ကနားထောင်၊ ကိုယ်ပြောတာကိုလည်း သူက နားထောင်ပေးရင်းနဲ့ အချင်းချင်း အတွေ့အကြုံတွေကို နှိုင်းယှဉ်ကြည့်ကြ။ ပြဿနာတွေကို ပြောဆိုကြ၊ ဖြေရှင်းပုံဖြေရှင်းနည်းတွေကိုတောင် ပြောဆိုကြပါသေးတယ်။တစ်ခါတစ်ရံမှာဆို ကိုယ့်အခက်အခဲကိုသူကပါ ၀ိုင်းဖြေရှင်းပေးရင်းနဲ့ ကိုယ်နဲ့သူဟာ ကြံရာပါတွေတောင် ဖြစ်သွားကြသေးတာပါပဲ။ အဲဒီလို နည်းလမ်းနဲ့ နှလုံးသားထဲက အစိုင်အခဲတွေကို ချေဖျက်တတ်ကြတာကိုလည်း တွေ့မြင်ရပါတယ်။

အဲဒါကြောင့်သား အမျိုးသမီးတွေက အိမ်ထောင်ရေးကိစ္စတွေ၊ လူမှုရေး ပြဿနာ တွေကြောင့် ၀မ်းနည်းတဲ့အခါ အားငယ်တဲ့အခါ သူတို့ ပြေးသွားတတ်တာက သူ့တို့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်နေတတ်တာပါ။ သူငယ်ချင်းနားထောင်ပေးတဲ့အခါ သူ့ရင်ထဲကအထုတ်တွေကို ဖြေချတယ်။ သူငယ်ချင်းက တောက်ခေါက်ပေးတဲ့အခါ သူ့အပေါ်ကို နားလည်တဲ့သူအဖြစ် ကျေနပ်စေတယ်။ ဒီလိုနည်းလမ်းနဲ့ တင်းကျပ်နေတဲ့ နှလုံးသားတွေကို ဖြေလျော့ကြရတာပါ။

အဲဒီလို မိန်းမသားအချင်းချင်းပြောဆို ရင်းနှီးတာမျိုးကို မြင်ရပါများလာရင်လည်း ချစ်သူ ခင်ပွန်းတွေက ငြိုငြင်တတ်ပြန်တယ်။  ဘာတွေ ဒီလောက်ပြောနေတာလဲ။ ဖုန်းပြောနေတာ ရိုးမှ ရိုးရဲ့လား ဆိုတဲ့ အမေးမမြန်းတွေနဲ့။ ကိုယ့်မှာ လိုနေတဲ့ အဖော်ကို သိပြီး ဖြည့်ဆည်းပေးချင်တဲ့ ဖြည်းဆည်းပေးဖို့ စိတ်စေတနာလည်း ရှိတဲ့ ခင်ပွန်းမျိုး ရထားတယ်ဆိုရင်တော့တော်သေးတာပေါ့။

အမျိုးသားအများစုက အမြင်ကျဉ်းမြောင်းကြပါတယ်။ သူတို့မိန်းမတွေကို သူတို့ ထားသလိုပဲ နေစေ့ချင်ကြတယ်။ မိန်းမဖြစ်တဲ့အတွက် ယောကျီားကလွဲပြီး အခြားသူတစ်ဦးဦး ကျားကျား၊မမ ဘယ်သူနဲ့မှ အကြာကြီး ဖုန်းပြောတာမျိုးကို နားလည်မပေးနိုင်ကြဘူး။

အမျိုးသားတွေစိတ်ထဲမယ် သူ့မိန်းကလေးက အခြားမိန်းကလေးတစ်ယောက်ပေါ်မှာ ရင်းနှင်္ီးလွန်းတာကို မကျေနပ်စိတ် ၀င်ရတာ သဘာဝပဲ လို့တောင် ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးသားတွေက သူ့ချစ်သူ၊ သူ့ဇနီးရဲ့ ဘ၀ကိုသာမက စိတ်ဝိဉ်ကိုတောင် ပိုင်စိုးထားချင်တာကို။ အဲဒါကြောင့် သူ့ချစ်သူရဲ့ ဘေးက စိတ်ချယုံကြည်နေတဲ့ သူငယ်ချင်းကို မိတ်ဆွေကို ကြည့်မရ ဖြစ်တတ်တာပါ။

သူ့ချစ်သူ သူ့ဇနီးသည်က သူ့ကိုတောင်မှ ဖွင့်မပြောတဲ့ကိစ္စတွေကို ဒီသူငယ်ချင်းမိတ်ဆွေကို ဖွင့်ပြောတယ်လို့သာ သိရင်တော့ အင်မတန်ကို စိတ်ဆိုးဒေါသထွက်ကြတာမျိုးလည်း တွေ့မြင်ရပါတယ်။

အဲဒါကြောင့် မိတ်ဆွေအမျိုးသမီးနှစ်ဦးရဲ့ ဆက်ဆံရေးမှာ အဖိုးတန်လှတာကတော့ အချင်းချင်းပွင့်လင်း ရိုးသားမှုပဲ။ အဲလို ပွင့်လင်း ရိုးသားစွာ ပြောဆိုဆက်ဆံရတဲ့  သူတွေမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု တစ်ခုကိုလည်း ခံစားရပါတယ်။ ဒါပေမဲ့  ကိုယ့်ခင်ပွန်းက မကြိုက်လို့ ဆိုတဲ့ တားမြစ်ချက်တွေ၊ ကိုယ့်အိမ်ထောင်ရေး အဆင်မပြေမှာ စိုးရိမ်စိတ်တွေနဲ့ အဖိုးတန်တဲ့ရင်ဖွင့်ဖော်ကိုတောင် စွန့်ပစ်လိုက်ရတဲ့ သူတွေလည်း ရှိပါတယ်။

ဒါကို နားလည်မပေးနိုင်တဲ့ ခင်ပွန်းမျိုးတွေရှိနေတယ်ဆိုရင်တော့  ကိုယ့်ခံစားချက်တွေကို ဖွင့်ထုတ် အန်ချနိုင်ဖို့ စာရေးပါလို့ ကျွန်မအနေနဲ့ အကြံပြုလိုပါတယ်။

ကိုယ့်အနေနဲ့ တစ်ခုခုဆီမှာတော့ရင်ဖွင့်ဖို့ လိုအပ်တာပါပဲ၊ လူသားတစ်ဦးမဖြစ်နိုင်တဲ့အခါ သက်မဲ့အရာဝတ္တုတစ်ခုပေါ်မှာ အန်ချကြရပါတယ်။ အမျိုးသမီးတစ်ယောက် စိတ်ပင်းပန်းလွန်းလာတဲ့အခါ ကိုယ့်အိမ်ရှေ့က သစ်ပင်ကို သူငယ်ချင်းလိုသဘောထားပြီး ပါးစပ်ကနေ တစ်တွတ်တွတ်ပြောဆိုနေတာလည်း မြင်ခဲ့ဖူးတယ်။ အဲဒီ သဘောတရားအတိုင်းပါပဲ။

ကျွန်မအနေနဲ့လည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ရင်ဖွင့်ပြောဖို့ ကြိုးစားတာတွေရှိသလို၊ အကြောင်းမသင့်လို့ မဖြစ်နိုင်တဲ့အခါ  ကျွန်မရင်ထဲ ပြည့်ကျပ်လာတဲ့အခါ စာတွေ ချရေးဖြစ်လာတယ်။ ဒါကလည်း စိတ်သက်သာရာ ရပါတယ်။ဒါကြောင့် စာရေးတဲ့ နည်းလမ်းနဲ့လည်း ရင်ဖွင့်လို့ရပါတယ်။

ရင်ဖွင့်ဖော်...သူငယ်ချင်းများဆိုတာကတော့ အကောင်းဆုံ့းပါပဲ၊ အကြောင်းကြောင်းကြောင့်မရှိတဲ့အခါ အဖြစ်နိုင်တဲ့အခါ စာရေးတာမျိုး၊ မုန်ရှေ့ရပ်ပြီး ကိုယ့်ကိုယ်ကိုေ ပြာဆိုတာမျိုးစတဲ့ ကိုယ့်ရင်ထဲက ခံစားချကို ဖွင့်ထုတ်တာမျိုးတော့ ဆောင်ရွက်သင့်တာပါပဲ။

ကျေးဇူးတင်ပါတယ်။
မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment