Latest News

Thursday, March 23, 2017

နိုင်ငံတကာ ရုပ်ရှင်နှင့် မြန်မာရုပ်ရှင် ဇာတ်ကားများ အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်

နိုင်ငံတကာ ရုပ်ရှင်နှင့် မြန်မာရုပ်ရှင် ဇာတ်ကားများ အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည်

ရန်ကုန် မတ် ၂၃

မြန်မာနိုင်ငံတွင် နိုင်ငံတကာရုပ်ရှင်နှင့် မြန်မာရုပ်ရှင်များကို အင်တာနက်မှနေ၍ တိုက်ရိုက်ကြည့်ရှုနိုင်သည့် ပထမဆုံး ဝန်ဆောင်မှုကို iflix ကုမ္ပဏီက စတင်ဆောင်ရွက် လိုက်ပြီဖြစ်ကြောင်း iflix Myanmar ၏ Country Manager, Adeana Greenlee ထံမှ သိရသည်။

iflix ကို မတ်လဒုတိယပတ်က မြန်မာနိုင်ငံတွင် စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံသားများ အနေဖြင့် သီးသန့် တီဗွီရှိုးများ၊ ဆုရ တီဗွီစီးရီးများ၊ စံချိန်တင် အောင်မြင်မှု ရသည့် လူကြိုက်များသည့်ရုပ်ရှင်များ၊ ဒေသတွင်း ရုပ်ရှင်များ၊ ကလေးများ အတွက် အစီအစဉ် များနှင့် ဘန်ကောက်မှ မန္တလေးသို့ ၊ Charm ၊ ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ ၊ Wut Yee Food House စသည်တို့ အပါအဝင် လူကြိုက်များသည့် မြန်မာ ရုပ်ရှင်များကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ''အခကြေးငွေ ပေးပြီး အင်တာနက်ကနေ ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ ပထမ ဆုံးမြင်ခွင့်ရပြီး အတူတူလက်တွဲလုပ်ကိုင်ရတဲ့အတွက်ဝမ်းသာမိပါတယ်။ iflix ဟာ မြန်မာရုပ်ရှင်တွေကို ကြည့်ရှုနိုင်မယ့် အသုံးပြုရ လွယ်ကူတဲ့၊ ဈေးသက်သာတဲ့ တရားဝင် ဝန်ဆောင်မှု တစ်ခုကို ပရိသတ်တွေကြည့် ရှုနိုင်အောင်ပြုလုပ်ပြီးတော့ မြန်မာ့ရုပ်ရှင်ဖြန့်ချိမှုပုံစံကို တိုးတက်စေမယ့် Platform တစ်ခု ကို ဖန်တီး ပေးထားတာပါ''ဟု ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရ သူများအတွက် ဂုဏ်ပြု ညစာစားပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတကာရုပ်ရှင်နှင့် မြန်မာရုပ်ရှင်များကို အင်တာနက်မှ တိုက်ရိုက် ကြည့်ရှုနိုင်သည့် iflix ၏ ဝန်ဆောင်မှုကို စတင် သုံးစွဲသူများ အနေဖြင့် စတင်သုံးစွဲသည့်နေ့မှ ရက်ပေါင်း ၃ဝ အထိ အခမဲ့ ကြည့်ရှုခွင့် ရမည် ဖြစ်သည်။ အခမဲ့ သုံးစွဲ ကြည့်ရှုခွင့် တစ်လပြည့်ပြီး နောက်ပိုင်းတွင် လစဉ် တစ်လလျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် ဝယ်ယူကြည့်ရှု ရမည်ဖြစ်ကြောင်း သိရသည်။

ရက်ပေါင်း ၃ဝ စာ အခမဲ့ အသုံးပြုခွင့် ရရှိနိုင်ရန် အတွက် iflix ကို Facebook ၊ အီးမေးလ်နှင့် တယ်လီဖုန်းများမှ တစ်ဆင့် ဝင်ရောက်နိုင်မည် ဖြစ်ပြီး ကွန်ပျူတာမှ တစ်ဆင့် ဝင်ရောက်မည် ဆိုပါက iflix.com မှ ဝင်ရောက် နိုင်မည် ဖြစ်သည်။ iflix အပလီကေးရှင်းကို App Store ၊ Google Play Store မှလည်း ဒေါင်းလုဒ် ရယူနိုင်ကြောင်း သိရသည်။

''အဓိကက ခိုးကူးခွေတွေရန်က ကာကွယ်နိုင်အောင် လုပ်တဲ့ သဘောမို့ ဒေါင်းလုဒ်လုပ်ပြီးသွားတာနဲ့ ရုပ်ရှင် ကားတွေက iflix ရဲ့ အပလီကေးရှင်းထဲမှာပဲ ရှိနေမယ်။ ဖုန်းနဲ့ ကြည့်လို့ ရမယ်။ ကွန်ပျူတာနဲ့ ကြည့်လို့ ရမယ်။ နိုင်ငံခြား ကားတွေကို မြန်မာ စာတန်းထိုး ထားပါတယ်။ ဒါက အဓိက ရည်ရွယ်ချက်ပါ။ အခု လောလောဆယ်တော့ လူကြိုက်များပြီး လူကြည့်များတဲ့ ကားတွေကို မြန်မာ စာတန်းထိုးနေပါတယ်။ နောက်ပိုင်း အချိန် ကြာလာတာနဲ့ အမျှတော့ ရုပ်ရှင် ဇာတ်ကား ဇာတ်လမ်းတွဲ အားလုံးကို စာတန်း ထိုးမှာပါ။ မြန်မာ စာတန်းထိုးကို ဇော်ဂျီ ဖောင့်နဲ့ရော ယူနီကုတ်နဲ့ပါ အဆင်ပြေအောင် လုပ်ပေးထားပါတယ်''ဟု iflix Myanmar ၏ မန်နေဂျာ Adeana Greenlee က ပြောကြားသည်။

မြန်မာ ရုပ်ရှင်ကားများကို ရွေးချယ်ပြသရာတွင် ရုပ်ရှင် အစည်းအရုံး အနေဖြင့် အနည်းဆုံး ခြောက်လခန့် ရုံတင်ပြီးမှ ပြန်လည် ပြသခွင့် ပြုသောကြောင့် ရုပ်ရှင် ဇာတ်ကားတိုင်းကို ရွေးချယ်မည် မဟုတ်ဘဲ ပြည်သူ အကြိုက်များသည့် ရုပ်ရှင် ဇာတ်လမ်းများကို ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

''အခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်း ထုတ်လုပ်ရေး ကုမ္ပဏီတွေကနေ ရုပ်ရှင်ဇာတ်ကားတွေ ဝယ်ယူဖို့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ Media-7 ၊ မြန်မာနိုင်ငံမှ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ စတာတွေနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံက အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးအမြတ် ရရှိအောင် လုပ်ဆောင် ပေးပါမယ်''ဟု Adeana Greenlee က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် iflix ကိုအသုံးပြု၍ နိုင်ငံတကာ ရုပ်ရှင်နှင့် မြန်မာရုပ်ရှင်များကို အင်တာနက်မှ နေ၍ တိုက်ရိုက်ကြည့်ရှုသူပေါင်း ၁၁ဝဝဝ ကျော်ခန့် ရှိနေပြီဖြစ်သည်။

မြန်မာ့ရုပ်ရှင် လောကနှင့် ပတ်သက်၍ iflix သည် ခိုးကူး ပျံ့နှံ့မှု ပြဿနာကို ရင်ဆိုင် ဖြေရှင်းရာတွင် ပြည်တွင်း ပြည်ပ ရုပ်ရှင်များကို အခကြေးငွေပေးပြီး ကြည့်ရှုသည့် အသိုင်းအဝန်း တစ်ခုဖြစ်အောင် အားပေး မြှင့်တင်ခြင်းဖြင့် ပြည်တွင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြား နယ်ပယ်ကို အထောက်အကူ ပေးလျက် ရှိသည်။ iflix သည် မူပိုင်ခွင့်၊ မြန်မာ့ရုပ်ရှင် လောက အလုံးစုံ ဖွံ့ဖြိုး တိုးတက်ရေး တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကဲ့သို့ အဖွဲ့များကို အထောက်အကူ ပေးရသည့် အတွက်လည်း ဂုဏ်ယူမိပါသည်ဟု ယင်းတို့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ( MOI )

No comments:

Post a Comment