Latest News

Sunday, March 5, 2017

တာချီလိတ်နဂါးရုံကျောင်းတိုက်အတွင်း သံဃာအချင်းချင်း ရိုက်နှက်မှုဖြစ်ပွား


(တာချီလိတ်၊ မတ် ၅)

တာချိလိတ်မြို့၊ လွယ်တော်ခမ်းရပ်ရှိ နဂါးရုံဓမ္မရိပ်သာကျောင်းတွင် မတ်လ ၄ရက်နေ့ နံက်အစောပိုင်း ၄ နာရီ ၄၅ မိနစ်ခန့်က ဘုရားဝတ်တက်နေသူ ကျောင်းနေသံဃာတစ်ပါးအား ကျောင်းထိုင်ဆရာတော်ဟုဆိုသည့် ရဟန်းနှင့် မယ်သီလရင်တစ်ပါး အပါအ၀င် ၁၀ ဦးခန့်မှ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အရိုက်ခံရသည့်သံဃာတော်မှာ တာချီလိတ်မြို့ ဓမ္မာသီရိ ဆေးရုံကြီး၏ အရိုးအကြောကုသဆောင်တွင်တက်ရောက်ကုသနေရကြောင်း အရိုက်ခံရသည့် ရဟန်းများထံမှ သိရှိရသည်။

“ဓမ္မာရုံထဲမှာ မနက်ဝတ်တက်နေတဲ့အချိန်  ခွေးမသားခွေးသူခိုး ဆူညံတယ်ဆိုပြီး မျက်နှာကိုသောက်တော်ရေခွက်တွေနဲ့ ပေါက်၊ လက်သီးနဲ့ထိုး၊ တုတ်တွေနဲ့ရိုက်ပါတယ်၊ ခွက်တွေမရှောင်နိုင်တော့ နဖူးမှန်ပြီးကွဲလို့ သွေးတွေထွက်လာတော့ အခန်း ထဲကဖုန်းနဲ့ ရဲတိုင်ဖို့ဝင်ပြေးတဲ့အချိန် အခန်းထဲအထိလိုက်လာပြီး ထိုးကြိတ်ကန်ကျောက်တဲ့အခါမှာ ပြေးထွက်တော့နောက် က ကျောကိုရိုက်ပြီး ၀ိုင်းကန်လို့ သံဃာစင်နဲ့ ခေါင်းနဲ့ ထပ်ထိပါတယ်၊ ဆဲဆိုကြိမ်းမောင်းတဲ့အပြင် အသက်ကိုပါရန်ရှာနေ တာပါ“ဟု အရိုက်ခံသူ ဥူးပညာဝံသာ၊ ၀ါ(၁၃)၀ါ၊ သက်တော်(၃၃)နှစ်က ဆေးရုံမှ မိန့်ကြားခဲ့သည်။
.
ဖြစ်စဉ်မှာ ကျောင်းနေရဟန်းဖြစ်သူ ဥူးပညာဝံသသည် မတ်လ ၄ရက်နေ့ နံနက် ၄နာရီကျော်အချိန်တွင် ဘုရားဝတ်တက် ရှိခိုးနေစဉ် ကျောင်းထိုင်ဖြစ်သူ ဥူးတေဇောဘာသ ဦးဆောင်ပြီး ဦးညာဏစရနှင့် သီလရင် ဒေါ်ကုမ္မရီတို့ပါဝင်သည့် ရဟန်း၊ ကိုရင် စုစုပေါင်း ၁၀ ဦးခန့်မှ တုတ်များဖြင့် ဘုရားဝတ်တက်ရာ ဓမ္မာရုံအတွင်းသို့ ၀င်ရောက်လာပြီးနောက် ဆူညံသည်ဆိုပြီး ၀ိုင်းရိုက်ကြရာမှ ရရှိသည့်ဒဏ်ရာများဖြင့် ဆေးရုံသို့တက်ရောက်ရခြင်းဖြစ်သည်။ ဆေးရုံမှဓာတ်မှန်ရိုက်၍ ဒဏ်ရာများကို ကုသပေးပြီး ဆေးရုံတင်ထားကြောင်းနှင့် ခေါင်းမူးဝေနေပြီး၊ အထူးသဖြင့် ခါးရိုးပြင်းထန်စွာနာကျင်နေကြောင်း ဥူးပညာဝံသ က မိန့်ကြားခဲ့သည်။

ဥူးပညာသံသနှင့်အတူနေ ရဟန်းဖြစ်သည့် ဥူးအိန္ဒိကမှ ၀င်ရောက်တားမြစ်ရာတွင် ဥူးညာဏစရမှ ရင်ဘတ်အား ထိုးကြိတ်၍ ကြိမ်းမောင်းပြီး အခန်းကာ ခန်းစီးစအား သီလရင်ဒေါ်ကုမ္မာရီမှ ဆွဲဖြုတ်ခဲ့သည်ဟု ဥူးအိန္ဒိက မိန့်ကြားခဲ့သည်။ ရဲစခန်းသို့ သွားရောက်တိုင်ကြားရာတွင် မိုင်းဖုန်းဆရာတော်ထံသွားရောက်နေသည့် မြို့နယ်သံဃနာယက (ရွှေကျင်) ဥက္ကဌဆရာတော် ခရီးအပြန်ကိုစောင့်၍ ခွင့်ပြုချက်တောင်းခံပြီး အမှုဖွင့်လှစ်ဆောင်ရွက်မည်ဟုဆိုသဖြင့် ကျောင်းသို့ မပြန်ရဲဘဲ ဆေးရုံတွင် လူနာစောင့်နေရသည်ကြောင်း ဥူးအိန္ဒက က ဆက်လက်မိန့်ကြားခဲ့သည်။

အဆိုပါဖြစ်ရပ်၏ နောက်ခံအကြောင်းမှာ မြေနှင့် ကျောင်းဆောက်အလှူခံရသည့် ကျောင်းထိုင်ပုဂ္ဂိုလ် လူထွက်သွားရာတွင် အဆိုပါနဂါးရုံကျောင်းအား လှူဒါန်းသူများမသိဘဲ ယခုကျောင်းထိုင်သို့ ပေးအပ်ခဲ့မှုအပေါ် မကျေနပ်ရာမှ မြေယာပိုင် ဆိုင်မှု အငြင်းပွားလျက်ရှိရာ ယခင်လူထွက်သွားသည့် ကျောင်းထိုင်နှင့်အတူ သီတင်းသုံးနေထိုင်ခဲ့ပြီး ကျောင်းတွင်ကျန်ရစ်ခဲ့သည့် ယခုအရိုက်ခံရသူကိုယ်တော်များအား ရန်ပြုခံရခြင်းဖြစ်ကြောင်းသိရသည်။ ၀ိုင်းဝန်းရိုက်နှက်ရာတွင် ဦးဆောင်သည့် ဥူးတေဇောဘာသ အား ဂေါစကံအရပ်ဖြစ်သည့် အနီးဝန်းကျင် ကျောင်းများနှင့် ရပ်ကွက်မှ မလိုလားကြောင်း ရဟန်း ၉ ပါး အပါအ၀င် လူ ၁၅၀ က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် သက်ဆိုင်ရာများသို့တင်ပြထားသည်ဟုဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ကျောင်းထိုင် ဥုးတေဇောဘာသမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ပြည်နယ်သံဃနာယအဖွဲ့ရှေ့တွင် မာတုဂါမဖြင့် ဆက်ဆံခြင်းအတွက် ၀န်ခံမှုအရ သိက္ခာချမခံရဘဲ သင်္ကန်းချွတ်ရသည့်အပေါ် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် နေ့ ကကျင်းပသည့် ရွှေကျင် ဗဟိုတတိယအကြိမ်အစည်းအဝေးမှ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် လူဝတ်လဲသည့်ကိစ္စကို အတည်မပြုခဲ့ကြောင်း တာချီလိတ်မြို့နယ်သာသာနာရေးဦးစီး၏ ပြောပြချက်အရသိရသည်။

မြေယာအငြင်းပွားမှု ဖြစ်ပေါ်နေချိန်အတွင်း ကျေုာင်းအတွင်း အလှူရှင်များမှ လှူဒါန်းထားပြီး ဂီလာနများကို ပြုစု စောင့်ရှောက်ထားသည့် ရိပ်သာအ၀င်အထွက် တံခါးအား ကားများမ၀င်နိုင်ရန် ပိတ်ထားခြင်း၊ ကျောင်းနေကိုယ်တော် နှစ်ပါးအား ရေဖြတ်၊ မီးဖြတ်ထားခြင်းများ ပြုလုပ်ထားရှိသဖြင့် သီတင်းသုံးရသည်မှာ ဒုက္ခရောက်နေရသည်ဟု ကိုယ်တော်များက မိန့်ကြားခဲ့သည်။

ရပ်ကွက်မှအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးငယ်မှလည်း အဆိုပါကျောင်းအားရပ်ရွာထဲမှ မည်သူမှ ယခင်ကလို သွားရောက် ခြင်း မပြုတော့သဖြင့် ရပ်ရွာမှကြည်ညိုသည့် ရဟန်းများ ကျောင်းထိုင်မှုကို လိုလားသည်ဟု ပြောကြားသည်။

တာချီလိတ်မြို့နယ်၊ သံဃနာယက (ရွှေကျင်) ဥက္ကဌဆရာတော် ဦးညာဏသီရိမှ ယခုဖြစ်စဉ်အား အာဏာစက်ဖြစ်သည့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် ခွင့်ပြုကြောင်းစာအား ရဲစခန်းသို့ပေးပို့လိုက်ကြောင်းမိန့်ကြားသည်။ ဖြစ်စဉ် ပါဆရာတော် ဥူးတေဇောဘာသအား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရခဲ့ချေ။

ယခု ကျောင်းထိုင်ဆရာတော် ဥူးတေဇောဘာသမှာ ပဲခူးတိုင်း၊ သနပ္ပင်မြို့ဇာတိဖြစ်ပြီး သက်တော် ၃၈ နှစ်၊ ၀ါတော် ၂၈ ၀ါရှိပြီဖြစ်ကာ သာသနဓဇ၊ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူဘွဲ့တံဆိပ်ရရှိထားကြောင်း ၄င်း၏ထေရုပ္ပတိအရသိရသည်။ ယခင်ကျောင်း ထိုင်လက်ထက် တာချိလိတ်သို့အာဂန္တုအဖြစ်လာရောက်တည်းခိုရင်း ကျောင်းပိုင်ဖြစ်သွားသည်ဟု အရပ်မှဆိုသည်။

လတ်တလောတွင် ၄င်းအား မထွေးထွေးအောင် ဆိုသူအမျိုးသမီးမှ တိုင်ကြားထားသဖြင့် တာချီလိတ်ရဲစခန်းမှ
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် (ပ)၂၃၈/၂၀၁၆၊ ပုဒ်မ ၃၇၆၊ ၃၅၄၊ ၃၅၉ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး
ယခုအမှုအတွက်လည်း သက်ဆိုင်ရာသာသနာအပိုင်း၏ ခွင့်ပြုချက်ရရှိသဖြင့် အရိုက်ခံရသူဥူးပညာဝံသမှ တရားလို အဖြစ်တိုင်တန်းပြီး တာချီလိတ်ရဲစခန်းမှ အမှုဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Kanbawza Tai News Journal

No comments:

Post a Comment