Latest News

Sunday, March 5, 2017

ဓနုဖြူမြို့က ရှေးဟောင်းခံတပ်

 ( ဓနုဖြူမြို့က ရှေးဟောင်းခံတပ် )

သမိုင်းသင်ဖူးသူတိုင်း ဓနုဖြူမြို့ ကိုရင်းရင်းနှီးနီးသိကြပါတယ် ။ ဓနုဖြူမြို့ ဆိုတာ စစ်သူကြီးမဟာဗန္ဓုလ အင်္ဂလိပ်တို့ကိုခုခံတိုက်ခိုက်ရင်းကျဆုံးခဲ့ရာမြို့ ဆိုတာနဲ့ အဲဒီတိုက်ပွဲတုန်းကအသုံးပြုခဲ့တဲ့ ခံတပ်အစိပ်ပိုင်းတွေရှိနေသေးတဲ့မြို့ ဆိုတာကို အားလုံးသိကြမှာပါ ။ ဒါကြောင့်လည်း ဓနုဖြူမြို့ ဆိုရင် လူတိုင်းရဲ့ စိတ်အာရုံမှာ မဟာဗန္ဓုလရဲ့ မြင်းစီးရုပ်ထုကြီးကိုပါတွဲလို့မြင်ယောင်ပြီးသားပဲ ။ ဓနုဖြူမြို့ က ရန်ကုန်နဲ့ 63 မိုင်ပဲဝေးတယ်ပါတယ် ။ ဒီလိုသိထားပေမယ့်လည်း အရင်က တစ်ခါမှမရောက်ခဲ့ဖူးဘူး ။ အခုရောက်တာ ပထမဆုံး အခေါက်ဖြစ်ပဲတယ် ။ ရန်ကုန်ကနေ 2 နာရီလောက် ကားစီးသွားရင်ရေက်တဲ့ ဒီမြို့ ကို အစောကြီးကတည်းက ရောက်ဖူးသင့်တာပါ ။ သမိုင်းကိုစိတ်ဝင်စားပြီး ဒေသဂန္တရဗဟုသုတလိုချင်မိတဲ့ကျွန်တော်က အနီးအနားမှာရှိနေတဲ့ဓနုဖြူမြို့ ကို အခုမှစရောက်ဖူးတာကိုလည်း ကိုယ့်ကိုယ်ကို သိပ်ပြီး အလိုမကျဘူး ။ ဒါတောင်မှ ဒေသခံမိတ်ဆွေ ကိုဘိုဘိုအောင် အတန်တန်ခေါ်လို့သွားဖြစ်ခဲ့တာပါ ။ တကယ်တော့ သူကလည်း ဓနုဖြူမြို့ သားတစ်ယောက်မဟုတ်ဘူး ။ သူတာဝန်ကျရာ ရေကြည်မြို့ ဘက်ကနေ သူ့ကားလေးကိုမောင်းလို့ တကူးတကရောက်လာပြီး ဓနုဖြူမြို့ မှာ ကျွန်တော့ကိုလာကြိုရှာတယ် ။ ပြီးတော့မှ လေ့လာသင့်တဲ့နေရာတွေကို လိုက်လံပို့ဆောင်ပေးခဲ့တာပါ ။

ဓနုဖြူမြို့ ကိုရောက်ပြီးလို့ ပထမဆုံးရောက်ဖြစ်တာက ကျိုက်ကလွန်းပွန်းစေတီကိုပါ ။ အဲဒီနောက်တော့ စစ်သူကြီး မဟာဗန္ဓုလကြေးရုပ်ကြီးရှိတဲ့နေရာဆီကိုသွားပြီး ဂါရ၀ပြုဖြစ်ပါတယ် ။ ကြေးရုပ်ကြီးက ဓနုဖြူမြို့ မြောက်ဘက်ခြမ်း ၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ဖို့ထားတဲ့ တာရိုးရဲ့ အတွင်းဘက်မှာ တည်ရှိတာပါ ။ ဒီနေရာဝန်းကျင်ဟာ ဓနုဖြူမြို့ ရဲ့ စိတ်ဝင်စားဖို့ကောင်းဆုံးနေရာတွေဖြစ်တယ် ။ မဟာဗန္ဓုလကြေးရုပ်ကြီးတည်ရှိနေတဲ့နေရာဝန်းကျင်မှာ မြန်မာ - အင်္ဂလိပ် ပထမစစ်ပွဲသမိုင်းရဲ့  အရေးကြီးတဲ့ အထိန်းမှတ်နေရာတွေစုနေတာပါ ။ အဲဒီနေရာမှာ စစ်သူကြီးကြေးရုပ်ကိုတွေ့ ရတာအပြင် အင်္ဂလိပ်နဲ့  တိုက်ပွဲဖြစ်ပွားတဲ့အချိန်က မြန်မာစစ်သည်တော်တွေ ရွံ့ ရွံ့ ချွန်ချွန်ခုခံတိုက်ခိုက်ခဲ့တဲ့ ခံတပ်အုတ်ရိုးအပိုင်းအစကြီးနဲ့ စစ်ပွဲမှာကျဆုံးခဲ့တဲ့ မဟာဗန္ဓုလအထိမ်းမှတ်နေရာလည်းရှိပါတယ် ။
ဓနုဖြူမြို့ မြောက်ဘက်ခြမ်းမှာရှိနေတဲ့ ခံတပ်နေရာဟောင်း ၊ စစ်သူကြီး မဟာဗန္ဓုလမြင်းစီးရုပ်ထုနဲ့ အထိန်းအမှတ်နေရာတွေထဲကမှ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အခုချိန်ထိရှိနေသေးတဲ့ မူလခံတပ်အုတ်ရိုးကြီးပါပဲ ။ အုတ်ရိုးတန်းကြီးဟာ ရှေးဟောင်းခံတပ်ရဲ့ အစိပ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ အဲဒါကို မူလအတိုင်းကျန်နေသေးတဲ့ အစိပ်ပိုင်းနဲ့ ဘုန်းကြီးကျောင်းစောင်းတန်းအဖြစ်ပြောင်းလဲပြုလုပ်ထားတဲ့ အပိုင်းဆိုပြီး လေ့လာတွေ့ ရှိရတာပါ ။ အုတ်ရိုးအစိပ်အပိုင်းနှစ်ခုစလုံးဟာ အရှေ့ နဲ့နောက် တစ်တန်းတည်းတည်ရှိနေပြီး ဧရာဝတီမြစ်ဘက်ကို ထိုးထွက်နေတာဖြစ်ပါတယ် ။ ဓနုဖြူမြို့ မှာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် တောင်နဲ့မြောက်တန်းနေတဲ့တာရိုးတန်းကြီးကိုဖို့လိုက် ( ကိုလိုနီခေတ်မှာလို့ထင်တယ် ) တဲ့အခါ အရှေ့ နဲ့နောက်တန်းလျှက်ရှိနေတဲ့ ခံတပ်အုတ်ရိုးတန်းကြီးကို နှစ်ပိုင်း ပိုင်းလိုက်သလို ဖြစ်သွားပါတယ် ။ အဲဒီနှစ်ပိုင်းထဲက တာရိုးအတွင်းဘက်ပိုင်းကို ဘုန်းကြီးကျောင်း စောင်းတန်းအဖြစ်ပြောင်းလဲပြစ်လိုက်ပြီး တာရိုးအပြင်ဘက် ( ဧရာဝတီမြစ်ဘက် ) ပိုင်းကျတော့ သူ့မူလအတိုင်းကျန်ရှိနေတာကို အခုချိန်ထိတွေ့ နေရတာပါ ။
မူလအတိုင်းကျန်နေသေးတဲ့အုတ်ရိုးတန်းက အရှည်အားဖြစ်ဆိုရင် ပေနှစ်ရာကျော်လောက်ပဲ ရှိနိုင်ပါတယ် ။ အရင်ကတော့ ဒီအုတ်ရိုးတန်းကြီးကို ဧရာဝတီမြစ် ကူးတို့ဆိပ်လမ်းအဖြစ်သုံးပြုခဲ့ပုံပါပဲ ။ နောက်မှဖို့လိုက်တဲ့တာရိုးဖြတ်သွားလို့ တစ်ပိုင်းပြတ်ကျန်နေခဲ့တဲ့ အုတ်ရိုးထိပ်မှာ အုတ်ရိုးပေါ်တက်ဖို့ အင်္ကတေလှေကားတစ်ခု လုပ်ထားတာကိုတွေ့ ရသလို အုတ်ရိုးတန်းတစ်လျှောက်မှာ နောက်မှထည့်သွင်းပြုလုပ်ထားတဲ့ အုတ်ဘောင်သေးသေးလေးကိုလည်းတွေ့ ရပါတယ် ။ အခုလက်ရှိအခြေနေအတိုင်းဆိုရင် မူလအုတ်ရိုးတန်းရဲ့ ပျက်စီးယိုယွင်းမှုက တော်တော်ကိုဆိုးနေပါပြီ ။ အုတ်ရိုးတန်းကအုတ်ချပ်တွေကလည်း ဖရိုဖရဲနဲ့ မြေကုန်းသာသာအဖြစ်ပဲကျန်နေတောတာပါ ။ ဒီနေရာတွေက ပတ်ဝန်းကျင်ရဲ့ ပွတ်တိုက်မှုဒါဏ်ကို အလူးအလဲခံနေရတာ ထင်ရှားနေပါတယ် ။ ဆိုးဆုံးကတော့ အုတ်ရိုးကို တူးဖြိုထားသလိုမျိုး အပိုင်းပိုင်းပြတ်နေတာတွေပါ ။ မိုးတွင်းမှာဆို အဲဒီနေရာကနေ ရေကျော်နေပုံရပါတယ် ။ အခုအခြေနေတိုင်းဆိုရင်တော့ သိပ်မကြာတော့တဲ့အချိန်တွေမှာ မူလအတိုင်းကျန်နေသေးတဲ့ ရှေးဟောင်းခံတပ်အုတ်ရိုးကြီးဟာ တစ်စစနဲ့ကွယ်ပျောက်သွားနိုင်ပါတယ် ။ ခံတပ်အုတ်ရိုးကိုဗဟိုပြုပြီး လက်ဝဲလက်ယာဘက်တွေမှာ အိမ်လေးတွေ တန်းစီလို့ ဆောက်တားတာကိုတွေ့ ရပါတယ် ။ အိမ်တွေနီးကပ်စွာရှိနေတာမို့လည်း အုတ်ရိုးတန်းပျက်စီးမှုက ပိုမိုဆိုးရွားနေတာဖြစ်မှာပါ ။ အဲဒီအိမ်တွေဟာ တာကြီးတန်းရပ်ကွက်ထဲမှာ ပါဝင်တယ်လို့ထင်ပါတယ် ။

တာရိုးအတွင်းဘက် ကျန်နေသေးတဲ့ပိုင်းကိုတော့ သဒ္ဓမ္မဇောတိက စာသင်တိုက်ရဲ့  စောင်းတန်းအဖြစ်ပြောင်းလဲပြုလုပ်ထားတာကိုတွေ့ ရပါတယ် ။ ဒီကျောင်းတိုက်ကို သီပေါမင်းပါတော်မူတဲ့နှစ်မှာ စတင်တည်ထောင်တယ်လို့ သိရပါတယ် ။ ဒါဆိုရင် မြေတာရိုးအတွင်းက အုတ်ရိုးအစိပ်ပိုင်း ( စောင်းတန်းပြုလုပ်ထားတဲ့အပိုင်း ) ကို အဲဒီကတည်းကပဲ ကျောင်းအ၀င်စောင်းတန်းအဖြစ်ပြောင်းလဲလိုက်တယ်လို့ ယူဆရမှာပါ ။ စောင်းတန်းပြုလုပ်ထားတဲ့အပိုင်းဟာ အခုလက်ရှိကျန်နေသေးတဲ့ မူလအစိပ်ပိုင်း ( တာရိုးအပြင်ဘက် ဧရာဝတီမြစ်ကမ်းဘက်အပိုင်း ) ထက် နည်းနည်းပိုရှည်တယ်လို့ထင်မိပါတယ် ။ ဒီဘက်အပိုင်းကို အခုလိုမျိုးဘုန်းကြီးကျောင်းစောင်းတန်းအဖြစ် ပြောင်းလဲပြုလုပ်ထားတာဟာလည်း တစ်မျိုးကောင်းတယ်လို့ ဆိုချင်တယ် ။ ဘာကြောင့်လဲဆိုတော့ စောင်းတန်းအဖြစ်ပြုလုပ်ထားတဲ့အပိုင်းဟာ မူလအတိုင်းမဟုတ်တော့ပေမယ့် ခံတပ်အုတ်ရိုးတန်းအဖြစ် ပုံဖော်ကြည့်နိုင်သေးလို့ပါပဲ ။ တကယ်လို့ သူ့အတိုင်းသာထားလိုက်ရင် ဒီအပိုင်းကလည်း မြေတာရိုးအပြင်ဘက်ပိုင်းက မူလအုတ်ရိုးတန်းလို ပျက်စီးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့ ရနိုင်ပါတယ် ။ ဖြစ်နိုင်ရင်တော့ မူလအတိုင်း ထိန်းသိမ်းထားရှိရင် အကောင်းဆုံးဖြစ်မှာပါ ။ ထင်တာကိုပြောရရင် ဒီခံတပ်အုတ်ရိုးတန်းဟာ မဟာဗန္ဓုလရဲ့ ဓနုဖြူတိုက်ပွဲအချိန်က တည်ဆောက်ခဲ့တာမဟုတ်ဘဲ အဲဒီအချိန်ထက် ပိုပြီးရှေးကျလောက်တယ်လို့ ထင်ပါတယ် ။


1824 ခုနှစ် ဒီဇင်ဘာလ 15 ရက် ရန်ကုန်မြို့  တာမွေ ၀ါးဘိုခံတပ် စစ်ပွဲမှာ မြန်မာတွေ အရေးနိမ့်ခဲ့ပါတယ် ။ ဒါကြောင့် စစ်သူကြီးမဟာဗန္ဓုလဟာ စစ်ရေးအခြေနေကို သုံးသပ်မိပြီး သူ့ရဲ့ တပ်တွေကို ဓနုဖြူမြို့ ကိုပြောင်းရွေ့ ဖို့ ဆုံးဖြတ်ခဲ့တာဖြစပါတယ် ။ ဓနုဖြူမြို့ ဟာ ပန်းလှိုင်မြစ်ဝ အထက် 12 မိုင်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းကုန်းမြင့်မှာတည်ရှိနေပြီး မြို့ အနောက်ဘက်ကုန်းမြင့်ဒေသတစ်လျှောက်ဖောက်လုပ်ထားတဲ့ကုန်းလမ်းဟာလည်း ပုသိမ်မြို့ အထိပေါက်နေတာမို့ စစ်ချီလမ်းကြောင်းနဲ့ ရိက္ခာထောင့်ပို့မှုအတွက်လည်း အဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် နေပြည်တော်ကိုချီတက်ရာအဓိကလမ်းကြောင်းဖြစ်တဲ့ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ရန်သူ့သင်္ဘောတွေကို ဓနုဖြူမြို့ ကုန်းပေါ်ကနေ စစ်ရေးအရ ထိမ်းချုပ်ထားနိုင်တဲ့အနေထားလည်းရှိနေတာပါ ။ ဒီလိုအားသားချက်တွေကြောင့် စစ်သူကြီးမဟာဗန္ဓုလဟာ ဓနုဖြူမြို့ မှာ ခံတပ်အခိုင်အမာဆောက်လုပ်ပြီး ရန်သူကိုခုခံဖို့ စီမံခဲ့တာဖြစ်နိုင်ပါတယ် ။ သမိုင်းမှတ်တမ်းတစ်ချို့ မှာ မဟာဗန္ဓုလရဲ့  ဓနုဖြူခံတပ်အကြောင်း အသေးစိပ်မှတ်တမ်းတင်ထားတာတွေကို ဖတ်ရှုရဖူးပါတယ် ။ မှတ်တမ်းများအရဆိုရင်တော့ ဓနုဖြူခံတပ်ကြီးဟာ အတော့်ကိုကြီးမားခိုင်ခန့်တဲ့ ခံတပ်ကြီးတစ်ခုဖြစ်မှာပါ ။ ဧရာဝတီမြစ်ဘက်ကိုမျက်နှာမူထားတဲ့မျက်နှာစာအလျှား တစ်မိုင်ခန့်ရှိပြီး အနံအားဖြင့် မြေပြင်အနေထားအရ ကိုက် 500 ရာကနေ 800 အတွင်းရှိတယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်တပ်များရဲ့ တပ်ပေါင်းစုမှူး ဗိုလ်ချုပ်ကင်းဘဲရဲ့  စစ်ဘက်ဆိုင်ရာအတွင်းဝန် မေဂျာစနော့ဒ်ဂရတ် ( စ် ) က သူ့ရဲ့  Narrative Of The Burmese War စာအုပ်မှာ “မဟာဗန္ဓုလသည် မနှိုင်းယှည်သာလေက်အောင် ပင်ကိုယ်ဥာဏ်အရည်သွေးဖြင့် အထူးပြည့်ဝကြောင်းကို မည်သူမျှမငြင်းနိုင်ခြေ ။ ထို့အပြင် ဓနုဖြူခံတပ်၏ အကာအကွယ် အနေထားနှင့် ခံကတုတ်များကိုပြန်ကြည့်ပါက ခေတ်မီလောကဓာတ်ပညာတတ် အင်ဂျင်နီယာကြီးများ၏ လက်ရာများကဲ့သို့ပင် အထူးချီးမွှမ်းဖွယ်ကောင်းသည်ကိုတွေ့ ရပေသည်” … ဆိုပြီး ချီးကျူးရေးသားထားခဲ့တယ်လို့ ဆိုပါတယ် ။

မဟာဗန္ဓုလက ဓနုဖြူမှာခံတပ်တည်ဆောက်ပြီး အင်္ဂလိပ်တွေကိုခုခံဖို့စီစဉ်တာဟာ စစ်ရေးအရ အချက်ချာကျတဲ့ အကြောင်းတရားတွေအပြင် တခြားအားသာချက်တစ်ခုလည်း ရှိနေသေးတယ်လို့ ထင်ပါတယ် ။ အဲဒီအချက်က ဓနုဖြူမြို့ မှာရှိနေတဲ့ ရှေးမွန်မင်းတို့ရဲ့ အုတ်ရိုးခံတပ်ဟောင်းကြီးကြောင့် ဖြစ်နိုင်ပါတယ် ။ အဲဒီအချိန်ကဖြစ်ပေါ်နေတဲ့ အခြေနေအရ မြန်မာတပ်တွေဟာ အင်္ဂလိပ်တွေချီတက်လာမယ့်လမ်းခုလပ်ကနေ ကြိုတင်ခုခံနိုင်ဖို့ ခံတပ် တည်ဆောက်ရတဲ့အချိန် (ရက်သုံးဆယ်နဲ့ အပြီးဆောက်ခဲ့တယ် ) အတော်ကိုနည်းမှာပါ ။ ဒါကြောင့် စစ်ရေးအရ အနေထားသာတဲ့အပြင် ရှေးမွန်မင်းတို့လက်ထက်က အုတ်မြို့ ရိုးခံတပ်ဟောင်းကြီးတစ်ခုကျန်ရှိနေတဲ့ ဓနုဖြူမြို့ ကနေ ပိတ်ဆို့ခုခံဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ် ။ မဟာဗန္ဓုလရဲ့ ခံတပ်တည်ဆောက်မှုကို မှတ်တမ်းများမှာ ဖော်ပြရာမှာလည်း အုတ်နဲ့တည်ဆောက်တယ်လို့ ဖော်ပြထားတာမတွေ့ရပါဘူး ။ ကျွန်းတိုင်လုံးကြီးတွေကို သစ်သားယက်မပြားကြီးတွေနဲ့ တွယ်ဆက်ပြီးမြေမှာမြဲမြံစွာစိုက်ထူကြောင်း ၊ အဲဒါတွေကိုခိုင်မာနေစေဖို့ ပြန်ပြုပြင်ထားတဲ့အရင်ခံတပ်ဟောင်းအုတ်ရိုးကို သစ်သားတန်းကြီးတွေနဲ့ ဒေါင့်ကန်ထားတယ်ဆိုတဲ့အကြေင်းနဲ့ ခံတပ်ရဲ့ ဖွဲ့ စည်းပုံအနေထား ၊ အကျယ်အ၀န်း စတာတွေကိုပဲ ဖော်ပြထားတာပါ ။

ဓနုဖြူမြို့ က ရှေးဟောင်းခံတပ်နေရာဆိုတာ မွန်မင်းတို့လက်ထက်ကခံတပ်ဟောင်းနေရာတစ်ခုဖြစ်ပြီး မြန်မာ - အင်္ဂလိပ် ပထမစစ်ပွဲကာလ ( 1824 – 25 ခုနှစ် ) အတွင်း စစ်သူကြီးမဟာန္ဓုလ ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့တဲ့ ခံတပ်တည်နေရာလည်းဖြစ်ပါတယ် ။ အခုချိန်မှာ ခံတပ်အနေထားကို ပီပီပြင်ပြင်မတွေ့ ရတော့ပေမယ့်လည်း ခံတပ်မြို့ ရိုးမြောက်ဘက်မျက်နှာဖြစ်နိုင်တဲ့ အုတ်ရိုးတန်းကြီး ( မူလအုတ်ရိုးတန်း ဘုန်းကြီးကျောင်းစောင်းတန်း ) တစ်ခုတော့ ထင်ထင်ရှားရှားကျန်နေသေးတာကိုတွေ့ ရပါတယ် ။ အဲဒီအုတ်ရိုးတန်းကြီးဟာ မဟာဗန္ဓုလလက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်နိုင်သလို အရင်မွန်မင်းတို့ရဲ့  ခံတပ်ဟောင်းအစိပ်ပိုင်းလည်း ဖြစ်နိုင်တာပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ဒီအုတ်ရိုးတန်းကြီးဟာ ထိန်းသိမ်းစောင့်ရှောက်သင့်နေတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံစိပ်ပိုင်းကြီးတစ်ခု ဖြစ်နေခဲ့ပါပြီ ။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက ရှေးခေတ် ခံတပ်တစ်ခ်ျို့  ပြုပြင်မွန်းမံမှုလုပ်ထားတာကိုတွ့ ရလို့ စိတ်ချမ်းသာမိပေမယ့်လည်း အခုလိုမျိုး ပျက်စီးပျောက်ကွယ်တော့မယ့်အခြေနေရောက်နေတဲ့ ရှေးဟောင်းခံတပ်အစိပ်အပိုင်းတစ်ခုကိုတွေ့ ရတော့ ဘယ်လိုမှ စိတ်ထဲမကောင်းနိုင်ပါဘူး ။ ဒါကို အချိန်မှီပြန်လည်ပြုပြင်ထိန်သိမ်းသင့်တယ်လို့ထင်ပါတယ် ။ မြန်မာ့သူရဲကောင်းစစ်သူကြီး သတိုးသုဓမ္မမဟာဗန္ဓုလရဲ့  တိုင်းပြည်ချစ်စိတ်နဲ့ ရဲစွမ်းသတ္တိကိုချီးကျူးဂုဏ်ပြုလို့ အထိမ်းအမှတ်ရုပ်ထု ၊ ပန်းခြံ နဲ့ အုတ်ဂူ စေတီတွေကို တည်ထားကိုးကွယ်ခဲ့သလိုပဲ သူ့ရဲ့ အသက်ကိုစတေးပြီး ခုခံတိုက်ခိုက်ခဲ့ရာခံတပ်ကြီးတစ်ခုရဲ့  ဘယ်လိုအစိပ်ပိုင်းမျိုးကိုမဆို ထိန်းသိမ်းစောင့်ရှောက်ထားသင့်တယ်ဆိုတာ အထူးပြောနေစရာမလိုတော့ပါဘူး ။ ဒီအတိုင်းသာထားရင်တော့ လုံးဝသေချာပေါက် ပျောက်ကွယ်ပျက်စီးသွားမှာပါ ။ အခုချိန်ထိန်းသိမ်းထားနိုင်ရင်တော့ အချိန်မှီနိုင်ပါတယ် ။ ( ရန်နောင်စိုး)

အကိုးအကား ။ နိုင်ငံခြားသားများကပြောသာမြန်မာ ( ဆကာကြီးအေးကြူ )











Yannaung Soe

No comments:

Post a Comment