Latest News

Friday, March 17, 2017

‘‘ဒီအမှုဟာ ဘယ်သူက စေခိုင်းတယ်ဆိုတာကို အမှုစစ်ရင်းနဲ့ ဖော်ထုတ်ရမှာပဲ’’

‘‘ဒီအမှုဟာ ဘယ်သူက စေခိုင်းတယ်ဆိုတာကို အမှုစစ်ရင်းနဲ့ ဖော်ထုတ်ရမှာပဲ’’

တရားလိုရှေ့နေ ဦးနေလနှင့်တွေ့ဆုံခြင်း

တရားလွှတ်တော်ရှေ့နေ ဦးနေလသည် ဦးကိုနီလုပ်ကြံခံရမှုတွင် တရားလိုရှေ့နေဖြစ်သည်။ ဦးကိုနီ၏ မိသားစုက ယခုအမှုတွင် ရှေ့နေအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သလို ဦးကိုနီ တည်ထောင်ထားသည့် Law Firm ကလည်း ဦးနေလကို တရားလိုရှေ့နေအဖြစ် ဆောင် ရွက်ရန် သဘောတူထားသည်။ ထို့အပြင် ဦးနေလအပါအ၀င် တ ရားလိုရှေ့နေများဖြစ်သည့် ဦးခင် မောင်ဌေး၊ ဦးမင်းမင်းဇော်တို့မှာ လုပ်ကြံခံရသူ ဦးကိုနီနှင့် ရင်းနှီး သူများဖြစ်သည်။

လက်ရှိ အမှုအခြေအနေကို ပြော ပြပေးပါဦးဆရာ။

အမှုအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ အင်းစိန်ခရိုင်တရားရုံးမှာ အထူးဖွဲ့ထား တဲ့ ခုံရုံးတရားသူကြီးသုံးပါးထိုင်တဲ့ ခုံရုံးမှာ ဦးကိုနီအမှုနဲ့ပတ်သက်ပြီးတော့ မတ်လ ၁၇ ရက်က စစ်ဆေးခဲ့ပါတယ်။ အမှုကနှစ်မှုရှိတယ်။ အမှုအကြောင်းပြောရမယ်ဆိုရင် ခရိုင်တရားရုံးမှာ ရာဇ၀တ်ကြီး အမှုအမှတ် (၄၅/၁၇) အမှုပါ။ အဲဒီအမှုမှာ တရားခံက ငါးယောက်ပါပါတယ်။ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်း ထွန်း၊ တရားခံပြေး အောင်ဝင်း ခိုင်ပေါ့။ စွဲဆိုတဲ့ ပုဒ်မကလည်း လတ်တလော ၃၀၂/၃၄ ပါပါ တယ်။ နောက်တစ်ခါ အောင်ဝင်း ထွန်းကတော့ ပြစ်မှုကျူးလွန်ရာ မှာ တရားခံကို လက်ခံထားတယ် ဆိုတဲ့ အပိုင်းနဲ့ပတ်သက်ပြီးတော့ ပုဒ်မ ၂၀၂/၁၂ နဲ့ သူ့ကို ဒီအမှုမှာ တရားစွဲဖို့ရှိပါတယ်။ အဲဒီမှာ တရားခံပြေးနဲ့ပတ်သက်လို့ ရာဇ၀တ် အထွေထွေလျှောက်လွှာ အမှုဖွင့်လှစ်တဲ့အခါ လျှောက်လွှာ အမှုအမှတ် (၂၀/၂၀၁၇)နဲ့ ကျွန်တော် ဒါကိုဖွင့်ပါတယ်။ အဲဒါအပြင် နောက်တစ်မှုရှိပါတယ်။ နောက်တစ်မှုက ရာဇ၀တ်ကြီး အမှတ်(၄၆/၂၀၁၇)။ ဒါဟာ လက်နက်မှုပဲ။ ကျွန်တော်တို့ လက်နက်မှုနဲ့ ပတ်သက်ပြီးတော့ ကိုင်ဆောင်တဲ့လက်နက်နဲ့ ပတ် သက်ပြီး သီးခြားအမှုဖွင့်ထားတာ။ လက်နက်မှုမှာ ပုဒ်မ ၁၉ (ဃ)နဲ့ ပုဒ်မ ၁၉ (စ)နဲ့ သူတို့နှစ်ယောက်ကို ဖွင့်ပါတယ်။ လတ်တလောအားဖြင့် တရားခံပြေးအမှုကို စစစ်ရမှာပေါ့နော်။ အောင်ဝင်းခိုင် တရားခံပြေးအမှုကို စစစ်ရမှာ ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုမှာ သူက ထွက်ပြေးနေတဲ့အတွက်ကြောင့်မို့လို့ ကွင်းဆက်ပြတ်နေတဲ့ သဘောထားမျိုး ကျွန်တော်တို့ တွေ့ရတယ်။

တရားခံပြေးနဲ့ပဲ ရပ်နေတယ်ဆို တော့ အမှုစစ်တဲ့အခါ ကြန့်ကြာ စေနိုင်ပါလား။

ကျွန်တော်တို့ ကြိုးစားတဲ့အ ပိုင်းပေါ့လေ။ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဘာလဲဆိုတော့ အမှုကို မြန်ချင်တယ်။ တစ်ပိုင်းက လည်း အမှုမှန်ဖော်ထုတ်ချင် တယ်။ သက်သေကလည်း အဓိ က အမှုတစ်ခုတည်းမှာ ၈၀ လောက်ရှိတယ်။ သက်သေရှိတယ်ဆိုတော့ ခုနတုန်းက တရားခံပြေးမမိဘူးဆိုရင် မိအောင်ကြိုးစားတဲ့ တာဝန်က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ တာဝန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အမှုစစ်နေ ရင်းနဲ့ ဖော်ထုတ်နိုင်တာတွေ ရှိတယ်။ ဒီအမှုဟာ ဘယ်သူက စေခိုင်းတယ်ဆိုတာကို အမှုစစ်ရင်းနဲ့ ဖော်ထုတ်ရမှာပဲ။ မဖော်ထုတ်လို့ မရဘူး။ ဒီသဘောထားမျိုးတော့ရှိတယ်။

ဆရာတို့ အမှုတွဲဖတ်တဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲမှာ မပြော သွားတဲ့ အချက်အလက်တွေ တွေ့ရပါသလား။

 ကျွန်တော် နားလည်သ လောက်ပြောမယ်ဆိုရင် ဒီသ တင်းစာရှင်းလင်းပွဲက စိတ်ထဲက ထင်မြင်ချက်တွေကို သူတို့ပြော သွားတာပဲ။ ကျွန်တော်တို့ အမှု စစ်တဲ့အခါကျရင် ဒီထင်မြင်ချက် တွေက ဘာမှအရေးမပါပါဘူး။ အမှုမှန်ပေါ်ပေါက်ချက်က တော် တော့်ကို အရေးပါပါလိမ့်မယ်။

ဆရာတို့ကို ဒီအမှုကိုင်ဖို့ ဘယ်သူ က အပ်တာပါလဲ။ ဘာကြောင့် ဒီ အမှုကို ကိုင်ဖြစ်တာလဲ။

 ပထမဆုံးပြောချင်တာက လုပ်ကြံခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကိုယ်ပိုင်ရှေ့နေအဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကလည်း ကျွန်တော့်ကို အကူအညီတောင်းတယ်။ ဦးကိုနီရဲ့ မိသားစုကလည်း ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ ကျွန်တော့်ကို အကူအညီတောင်းတယ်။ ဦးကိုနီရှေ့နေအဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဌေး၊ ဦးမင်းမင်းဇော်တို့နဲ့တွဲပြီး ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ ဖြစ်ပေါ်လာတာပါ။ နဂိုက ဦးကိုနီအဖွဲ့က ပဲ ဒီအမှုကို လိုက်မယ်လို့ ထင်ထားတာ။ အခုတော့ သူတို့လည်း လိုက်ပါဆောင်ရွက်တယ်။ ကျွန် တော့်ကို ဦးစီးဆောင်ရွက်ဖို့ ကမ်း လှမ်းလို့ ကျွန်တော်ကလည်း ငြင်းဆိုဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒီအမှုမှာ ကျွန်တော့်ရဲ့ သူငယ်ချင်း လုပ်ကြံခံရတဲ့အပိုင်းမှာ အမှုမှန် ပေါ်ပေါက်ဖို့အတွက် လိုက်ပါ ဆောင်ရွက်ဖို့ ကျွန်တော့်မှာ ဆန္ဒရှိပါတယ်။

လက်ရှိ အမှုအခြေအနေကိုကြည့်ရင် ရဲတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အပိုင်းတွေရှိမယ်ဆိုတော့ ရှေ့ ဘယ်လိုဆောင်ရွက်သွားမလဲ ဆရာ။

 ကျွန်တော်တို့အနေနဲ့က တော့ သီးသန့် ကျွန်တော်တို့ကို အကြံပြုချက်ရှိပါတယ်။ အဲဒီလို အကြံပြုနိုင်ဖို့လည်း ကျွန်တော်တို့ စီစဉ်ရေးဆွဲနေပါတယ်။ ခုနတုန်း က မေးသလို ပြည်သူ့ရဲတွေနဲ့ ညှိ နှိုင်းဆောင်ရွက်ဖို့တော့ မရှိပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ ရှေ့နေချုပ်ရုံးက ခရိုင်ဥပဒေအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့တော့ရှိပါတယ်။

ဒီအမှုကို ကိုင်တွယ်တဲ့အခါကျ ရင် ဘယ်လိုအခက်အခဲတွေရှိလာ နိုင်မလဲဆရာ။

မျှော်မှန်းထားတာတော့ ရှိ တယ်။ ဒီအမှုကိုလည်း သာမန်အမှုလို သဘောမထားပါဘူး။ ဒါက တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ အမှုလည်းဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့ဘက်ကလည်း ဒီဟာက သာမန်လူသတ်မှုမဟုတ် ဘူး။ ဒါက အကြမ်းဖက်ခံရတာ။ အုပ်စုလိုက် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခံရတာဖြစ်တဲ့အတွက်ကြောင့် ဘာပေါ်လာမယ်ဆိုတာ ကို ကျွန်တော်တို့ မျှော်လင့်ထားတာတော့မရှိသေးဘူး။ ဒါပေမဲ့ သမားရိုးကျ ဆောင်ရွက်နေကျ၊ ဒီအမှုတစ်ခုရဲ့ ဆောင်ရွက်နေကျအပိုင်းကတော့ ကျွန်တော်တို့အတွက် အခက်အခဲမရှိနိုင်ဘူး ထင်ပါတယ်။

သက်သေတွေနဲ့ ပတ်သက်ပြီး တော့ကော ဆရာတို့တွေ ဘယ် လို ပြင်ဆင်ထားလဲဆရာ။

အခုလတ်တလောအားဖြင့် သက်သေတွေနဲ့ ပတ်သက်ပြီး ထွက်ချက်တွေအားလုံးကို ကျွန် တော်တို့ လေ့လာနေပါတယ်။ အခုမှ ကျွန်တော်တို့ စလေ့လာရ တာ။ ဒါပထမပိုင်းပေါ့။ ဒုတိယပိုင်းက သက်သေဖြစ်တဲ့ စာရွက်စာတမ်းတွေက အများကြီးပဲ။ ဗီဒီယိုဖိုင်လည်းရှိတယ်။ ဓာတ်ပုံ တွေလည်းရှိတယ်။ အဲဒီဟာတွေ နဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ လတ်တလောလေ့လာနေတာ မပြည့်စုံတဲ့အတွက်ကြောင့် ဒီအ ပိုင်းကိုတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ စတင်လေ့ လာနေပါပြီ။

ထပ်ပြီးတော့ ဒီအမှုနဲ့ပတ်သက် ပြီး ဘာပြောချင်တာများရှိသေး လဲမသိဘူး။

ကျွန်တော်တို့က ဒီအမှုကို လက်စားချေဖို့ လိုက်ပါဆောင် ရွက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ မင်းမဲ့စရိုက်ဆန်စွာပေါ့ဗျာ။ ဒီလို အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ ပတ် သက်ပြီးတော့ ကျွန်တော်တို့ အ မှန်တရားပေါ်ချင်တယ်။ အခုအ ချိန်ထိလည်း ဘယ်သူက စေခိုင်း တယ်ဆိုတဲ့ အပိုင်းနဲ့ပတ်သက်ပြီး တော့ တရားခံတစ်ယောက်ကို မမိတာနဲ့ ကွင်းဆက်ပြတ်နေတဲ့ သဘောဖြစ်နေတယ်။ ဒါပေမဲ့ အမှုစစ်နေရင်းနဲ့ ဒီတရားခံက မိ လာနိုင်တာပဲ။ ကျွန်တော်တို့ အမှုစစ်ရင်းနဲ့ အမှုမှန်ပေါ်ပေါက်ဖို့၊ ဘယ်သူက စေခိုင်းတယ်ဆိုတဲ့ကိစ္စကို အမှုစစ်ရင်းနဲ့ ကျွန်တော်တို့ ဖော်ထုတ်သွားလို့ရတာပဲ။ အမှုကို လတ်တလောအားဖြင့် ကျွန်တော်တို့ ဖတ်ရှုရတဲ့အဆင့်ပဲ ရှိသေးတယ်။ တကယ့်အမှုကြီးကို စစ်ဖို့ကိစ္စကတော့ တရားခံပြေးကိစ္စရှိနေတဲ့အတွက်ကြောင့် ဒီအမှုအကြောင်းနဲ့ပတ်သက်လို့ ဒီလောက်ပဲ ကျွန်တော် ပြောလို့ရ ပါမယ်။7Day News Journal

No comments:

Post a Comment