Latest News

Tuesday, March 14, 2017

ကိုယ့်အောင်မြင်မှုအတွက် အခြားသူတွေကို ချမနင်းလိုက်ပါနဲ့

ကိုယ့်အောင်မြင်မှုအတွက်
အခြားသူတွေကို ချမနင်းလိုက်ပါနဲ့


 စီးပွားရေးလောကမှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးလောကတွင်းမှာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အခြားလူတစ်ယောက်ကို ထိုးကျွေးလိုက်တာ၊ အလွယ်တကူ ချနင်းလိုက်တာမျိုးတွေကိုသိသိသာသာရော မသိမသာရော တော်တော်များများက အသုံးပြုလာကြတာကိုလည်း တွေ့မြင်ရပါသေးတယ်။

လူအများစုက အခြားလူတွေကို လှေခါးထစ်တွေကို သဘောထားကြတာ တွေ့ရတဲ့ အခါတိုင်း၊ ကိုယ့်ဘ၀ တိုးတက်အောင်မြင်ဖို့အတွက် ဆိုရင် ဘယ်သူ့ကိုမဆို ချနင်းပစ်ဖို့ ၀န်မလေး တတ်တာတွေ့ရတဲ့အခါတိုင်းနဲ့ ခံခဲ့ရတဲ့ သူတွေရဲ့ ဘ၀တွေနဲ့ ထိခိုက်မှုတွေကို မြင်တွေ့ရပြီး စိတ်ထိခိုက်စွာ ခံစားခဲ့မိတယ်။

မြင်တွေ့ရတာက  ဦးဆောင်သူတွေက လုပ်ငန်းဆောင်ရွက်မှု မအောင်မြင်တဲ့အခါ အဖွဲ့ကို အပြစ်ပုံချတာ၊ တစ်ဦးဦးကို ချကျွေးပြီး ပြဿနာကို ဖြေရှင်းလိုက်တာမျိုးတွေကိုလည်း တွေ့မြင်ရပါတယ်။

မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင် ကိုယ့်အဖွဲ့အစည်းထဲမှာပဲ ဖြစ်ဖြစ် အားလုံးကောင်းဖို့အတွက်ဆိုရင် အဓိက ကျတဲ့ သူဆိုတာ တစ်ဦးတစ်ယောက်တည်းပေါ်မှာ မူတည်လေ့မရှိပါဘူး။ အားလုံးဟာ အဓိကကျတဲ့ သူ အရေးပါတဲ့ သူတွေပါပဲ။

အဲဒီသဘောတရားကို နားမလည်တဲ့အခါမှာ ကိုယ့်မိသားစု ကောင်းဖို့အတွက် မိသားစုတွင်းက တစ်ဦးဦးကို ချနင်းတာမျိုး၊ ထိုးကျွေးတာမျိုး ရှိတတ်ကြတာပါ။

လုပ်ငန်းခွင် အဖွဲ့အစည်းတွေမှာ၊ နိုင်ငံရေးပါတီတွေမှာ စတဲ့ လူအများပါဝင်တဲ့ အသင်းအဖွဲ့တွေမှာလည်း ကိုယ့်အဖွဲ့အတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူတွေကို ထိုးချ၊ ချနင်း၊ ထိုးကျွေး စတဲ့ အလေ့အကျင့်တွေလည်း ရှိကြတာ တွေ့ရပါတယ်။

လုပ်ငန်းခွင်တိုင်းမှာ ဒီလို တစ်ဦးကိုတစ်ဦးချနင်းကြတဲ့ ကိစ္စရပ်တွေက မထူးဆန်းဘူးလို့ ဆိုနိုင်ပေမဲ့ ကျွန်မအမြင်မှာတော့ ဒီလို လုပ်ရပ်ဟာ အဖွဲ့အစည်းကို ထိခိုက်စေရုံသာမက ကိုယ့်ရဲ့ လိပ်ပြာနဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေတယ်လို့ နားလည်မိတယ်။

ချနင်းတတ်တဲ့ ဦးဆောင်သူ ရှိနေတဲ့ ဒီလိုအဖွဲ့အစည်းတွေမှာကို လေ့လာကြည့်တဲ့အခါ တွေ့ရလေ့ရှိတာက (၁)အဖွဲ့အစည်းပေါ်မှာအဖွဲ့သားတွေ ခင်တွယ်မှု အားနည်းတာ
(၂)အချင်းချင်း စည်းလုံးမှု မရှိတော့တာ
(၃)မန်နေဂျာများ တာဝန်ခံစတဲ့ ဦးဆောင်သူတွေကို အောက်ခြေ၀န်ထမ်းများက ဆန့်ကျင်တာ၊(၄)အလုပ် တာဝန်များကို ငြင်းဆန်တာ (၅)ညံ့ဖျင်းသောအသင်းအဖွဲ့ပုံသဏ္ဍန်ကို အခြားလူများက မြင်တွေ့ရတာ
(၆) အဖွဲ့အစည်းပေါ် ယုံကြည်မှု မဲ့စေတာ...ဆိုတဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာတတ်ပါတယ်။

မိသားစုတွင်းမှာလည်း တစ်ဦးဦးကို ထင်ပေါ်အောင်မြင်စေလိုတဲ့အခါ အခြားတစ်ဦးကို ချနင်းတာမျိုး၊ ချကျွေးတဲ့ အလေ့အထမျိုးတွေလည်း ရှိပါတယ်။

အဲဒီလို အလေ့အထရှိတဲ့ မိသားစုတွေ၊ ဆွေးစဉ်မျိုးဆက်ကြားမှာ တွေ့မြင်ရတတ်တာကတော့ စိတ်ဒဏ်ရာ ရရှိစေတာ၊ မိသားစုဝင်တွေ တစ်ဦးအပေါ်တစ်ဦး သံယောဉ်ဇဉ် ကုန်ခမ်းတာ၊မိဘနဲ့ သားသမီး၊ ညီအကို မောင်နှမ စတဲ့ သွေး ချင်းတွေမှာ ယုံကြည်မှု မဲ့သွားတာ မျိုးဆက်အမွေဆိုးတွေ ကျန်ရစ်ခဲ့တာ စတာတွေကို တွေ့ရတော့တာပါပဲ။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိသားစုတွင်းမှာပဲ ဖြစ်ဖြစ်
ဦးဆောင်သူတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တိုင်းမှာ တရားမျှတရဲ့လား ဆိုတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် တစ်ဖက်ကို ထိခိုက်စေတဲ့ ထိုးကျွေးခြင်းနဲ့ ချနင်းခြင်းဆိုတဲ့ မတရားမှုတွေကို  ပြုလုပ်မိမှာ မဟုတ်တော့ဘူးလို့လည်း ယုံကြည်လက်ခံမိပါတယ်။

ထိုးချွေးတတ်တာကို စီမံခန့်ခွဲမှု ကျွမ်းကျင်တယ်လို့ ကျွန်မတော့ ဘယ်တော့မှ မယူဆမိပါဘူး။

နောက်တစ်ချက်ကတော့ ကိုယ့်အဖွဲ့အတွက် ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အဖွဲ့သားတစ်ဦးဦးကို ထိုးကျွေးတာ၊ ချနင်းတာမျိုး ဘယ်တော့မှ ဘယ်လောက်ကြပ်တည်းပါစေ မလုပ်မိပါစေနဲ့ ဆုံးဖြတ်ထားတာပါပဲ။

သူတပါးကို ချနင်းပြီးမှ လျှောက်ရမယ် ဆိုရင်တော့ နေပါစေတော့။

ကျေးဇူးတင်ပါတယ်ရှင်။
မတူတဲ့ အမြင်တွေကိုလည်းဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment